အားလုံးပဲ မင်္ဂလာပါ။ သီချင်းတွေက လူရဲ့စိတ်ခံစားချက်ကို လွှမ်းမိုးနိုင်ပါတယ်။ ကိုယ့်အတွက် Mood ကောင်းစေမယ့် အကြိုက်ဆုံးသီချင်းလေးတွေ နားထောင်ပေးတာက စိတ်ဖိစီးမှု လျော့ကျပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အပြင် ပျော်ရွှင်မှုနဲ့ မှတ်ဉာဏ်အား ကောင်းလာဖို့လည်း ကူညီပေးမှာပါ။ သင့်အနေနဲ့လည်း လတ်တလောမှာ စိတ်ညစ်ရတဲ့နေ့တွေ များလာတယ်လို့ ခံစားနေရတယ်ဆိုရင် စိတ်ခွန်အားပြန်ရဖို့ ဖော်ပြပေးမယ့် သီချင်းလေးတွေကို နားထောင်ပေးနိုင်ပါတယ်။

ဒီတစ်ခေါက်မှာ စာဖတ်သူတို့အတွက် စိတ်ညစ်တဲ့အချိန် အားပေးဖော်အဖြစ် ရှိနေပေးမယ့် အဓိပ္ပာယ်ကောင်းတွေ ပါဝင်တဲ့ ကိုးရီယားသီချင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။ အဓိပ္ပာယ်အပြည့်အစုံမသိရင်တောင် နာမည်ကြီး အဆိုတော်တွေရဲ့ ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့ သီချင်းကောင်းတွေဖြစ်တာမို့ နားထောင်လိုက်တာနဲ့ သင့်စိတ်ကို အေးချမ်းစေပါလိမ့်မယ်။

၁။ Lee Hi – ‘Breathe’

နားဆင်သူတိုင်း ရင်ထဲစွဲနေအောင် အသံအားကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ Lee Hi ရဲ့ ‘Breathe’ သီချင်းက ဘဝမှာ ခက်ခဲပင်ပန်းနေရတဲ့အချိန် ဘေးမှာအမြဲ ရှိနေပေးမယ့်အကြောင်းလေးကို ရေးဖွဲ့ထားတာပါ။ ဒါ့အပြင် လူတိုင်းရဲ့ ဘဝမှာ အမှားနဲ့မကင်းတာမို့ တစ်ခါတစ်ရံအမှားလုပ်မိလည်း ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ပြီး ရှေ့ဆက်နိုင်ဖို့ Massage ပေးထားတဲ့ သီချင်းလေးလည်းဖြစ်ပါတယ်။

၂။ Stray Kids – ‘Grow Up’

Stray Kids အဖွဲ့ရဲ့ ‘Grow Up’ သီချင်းလေးကလည်း ကျရှုံးမှုတွေဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တာမို့ ငယ်ရွယ်တဲ့အချိန်မှာ ဘဝကို အရှုံးမပေးဘဲ အမှားတွေဆီက သင်ခန်းစာယူရင်း ဆက်ကြိုးစားဖို့ သူငယ်ချင်းကောင်း တစ်ယောက်လို အားပေးနှစ်သိမ့်ပေးထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

၃။ EXO – ‘Been Through’

ကောင်းကင်က ဘယ်လောက်မဲမှောင်နေပါစေ တစ်နေ့မှာ အလင်းဆီကိုရောက်နိုင်တယ်ဆိုတဲ့ ဥပမာလေးနဲ့ စိတ်ခွန်အားပေးထားတဲ့ EXO – ‘Been Through’ သီချင်းလေးကလည်း နားထောင်သူတိုင်းကို ကိုယ်လိုချင်တဲ့အရာအတွက် ဇွဲရှိရှိနဲ့ကြိုးစားနိုင်ဖို့ အားတစ်ခုဖြစ်စေမှာပါ။

၄။ BTOB – ‘It’s Okay’

Vocal ပိုင်နိုင်ကြတဲ့ BTOB ရဲ့ ‘It’s Okay’ ဆိုတဲ့ သီချင်းလေးကလည်း သီချင်းနာမည်နဲ့လိုက်အောင် စိတ်ဖိစီးနေတဲ့အချိန် ခဏနားလိုက်လို့လည်း ‘It’s Okay’ အဆင်ပြေပါတယ်ဆိုတဲ့ အကြောင်းလေးကို သီဆိုထားတာပါ။ စိတ်ပူစရာတွေကို ခဏတာမေ့ပြီး ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးကြည့်ဖို့လည်း သတိပေးထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

၅။ IZ*ONE – ‘Airplane’

IZ*ONE ရဲ့ ‘Airplane’ သီချင်းလေးကတော့ ကိုယ့်ရဲ့အနာဂတ် အိပ်မက်တွေဆီရောက်တဲ့အထိ ဆက်ကြိုးစားဖို့ အားပေးထားတဲ့ သီချင်းလေးပါ။ အဖွဲ့ဝင်တွေရဲ့ အသံချိုချိုလေးတွေနဲ့အတူ နားထောင်လိုက်တာနဲ့ စိတ်ရောကိုယ်ပါ တက်ကြွစေမယ့် သီချင်းမြူးမြူးလေးဆိုရင်လည်း မမှားပါဘူး။

၆။ EXO’s D.O. – ‘That’s Okay’

‘That’s Okay’ သီချင်းလေးက ကိုယ့်အကြောင်းကို ပိုသိပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာအောင် ရည်ရွယ်ထားတဲ့ သီချင်းကောင်းလေးဖြစ်ပြီး သီဆိုသူ D.O ကိုယ်တိုင် ရေးစပ်ထားတာပါ။

၇။ Soran – “Happy”

 

Soran ဂီတအဖွဲ့ရဲ့ “Happy” သီချင်းလေးကလည်း စိတ်ညစ်နေတဲ့အချိန်တွေမှာ စိတ်သက်သာရာရဖို့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးကြည့်နိုင်တယ်ဆိုတဲ့ အကြောင်း နားဆင်သူတွေကို သတိပေးထားတဲ့ သီချင်းငြိမ့်ငြိမ့်လေး ဖြစ်ပါတယ်။

၈။ BTS – ‘Mikrokosmos’

BTS အဖွဲ့ရဲ့ သီချင်းတော်တော်များများက စိတ်ခွန်အားရစေတဲ့အဓိပ္ပာယ်တွေ ပါဝင်နေတတ်ပါတယ်။ ‘Mikrokosmos’ ဆိုတဲ့ သီချင်းလေးကလည်း အိပ်မက်တွေအတိုင်းဆက်လျှောက်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို အရှိအတိုင်း တန်ဖိုးထားတတ်ဖို့ အားပေးထားတာမို့ နားထောင်လိုက်တိုင်း Motivation ရစေမယ့် သီချင်းကောင်းလေး ဖြစ်ပါတယ်။

Source: Youtube