လူတစ်ယောက်ရဲ့ဆံပင်က တစ်လကို ဝ.၂ လက်မကနေ ဝ.၇ လက်မအထိ ရှည်နိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းက လှပကျော့ရှင်းတဲ့ ဆံကေသာအလှကို မပိုင်ဆိုင်နိုင်ကြပါဘူး။ အကြောင်းအရင်းကတော့ ဆံကေသာကို သေချာထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ ပြီးစလွယ် စည်းနှောင်တတ်ကြလို့ပဲဖြစ်ပါတယ်။
သင့်အနေနဲ့ မိမိရဲ့ဆံကေသာကို အရှည်မြန်ချင်တယ်ဆိုရင် ရှောင်ကြဉ်သင့်တဲ့ ဆံပင်စည်းနည်းအချို့ရှိပါတယ်။
မြင်းမြီးပုံ စည်းနှောင်ခြင်း
မြင်းမြီးပုံ စည်းနှောင်ခြင်းက သင့်ကို ခေါင်းကိုက်ဝေဒနာ ခံစားရစေပြီး ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းနှောင်ထားရတဲ့အတွက်ကြောင့် ဆံပင်မွှေးညှင်းပေါက်များကို ပျက်စီးစေပြီး ဆံပင်ကျွတ်ခြင်းကို ခံစားရစေပါတယ်။ ကြာလာတဲ့အခါ ထိပ်ပြောင်သည်အထိ ဆိုးရွားတတ်ပါတယ်။
အိပ်နေစဉ် ဆံထုံး ထုံးအိပ်ခြင်း
မနက် နိုးလာတဲ့အခါ ဆံပင် လှိုင်းတွန်းလေးနဲ့ လှပချင်လို့ဆိုပြီး ညအိပ်ရာ ဝင်ချိန်မှာ ဆံပင်ကို ထုံးဖွဲ့ပြီး အိပ်တတ်ပါသလား။ ထိုအပြုအမူကြောင့် ဆံပင် မသန်တော့ဘဲ ဆံပင်အစုလိုက် ကျွတ်နိုင်ပါတယ်။
ဆံပင်စိုနေတဲ့အချိန်မှာ ထုံးခြင်း
ဆံပင်စိုနေချိန်မှာ ဆံပင်ထုံးဖို့မဆိုထားနဲ့ ခေါင်းတောင် မဖြီးသင့်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆံပင် စိုနေချိန်က ဆံကေသာ အားအနည်းဆုံးအချိန်ဖြစ်တာကြောင့် ဆံပင်ဖြီးချင်တယ် ထုံးချင်တယ်ဆိုရင် ခြောက်အောင် စောင့်ရပါမယ်။
ဆံပင်အရင်းကနေ ကျစ်ဆံမြီးကျစ်ခြင်း
ဦးရေပြားပေါ်သည်အထိ ဆံပင်အရင်းကနေ ကျစ်ဆံမြီးကျစ်ခြင်းကလည်း သင့်ရဲ့ဆံပင် ရှည်နှုန်းကို ဟန့်တားပြီး ဆံပင်ကျွတ်စေပါတယ်။
ဆံပင်ထူတဲ့ပုံပေါက်အောင် စည်းနှောင်ခြင်း
ဒီဆံပင်စတိုင်လ်ကလည်း ဆံကေသာများကို ကျိုးကျေပျက်စီးစေပြီး ဦးရေပြားကို ထိခိုက်စေပါတယ်။
ဆံပင်ဆက်ခြင်း
ဆံပင်ဆက်တဲ့အခါ ဆံပင်တုရဲ့အလေးချိန်ကို သင့်ဆံပင်က ထိန်းထားရတဲ့အတွက်ကြောင့် ဆံပင်မွှေးညှင်းပေါက်များကို ပျက်စီးစေပြီး ဆံပင်ကျွတ်စေပါတယ်။
ဆံပင်ပေါ်တွင် နေကာမျက်မှန်တင်ထားခြင်း
နေကာမျက်မှန်ကို ဘူးထဲ သိမ်းထားရမယ့်အစား ခေါင်းပေါ် တင်ထားတတ်တဲ့အကျင့်က သင့်ရဲ့ဆံကေသာများကို ညှိစေပြီး ပျက်စီးစေပါတယ်။
ဆံပင်အမြစ်ကနေ အရောင်ချွတ်ခြင်း
ဆံပင်အရောင်ဆန်းဆန်းလေးတွေက သင့်ကို လှပစေပေမယ့် ဆိုးကျိုးအနေနဲ့ ဆိုးဆေး၊ ချွတ်ဆေးထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများက သင့်ဆံကေသာ ကျန်းမာရေးအတွက် အနှောင့်အယှက်ကြီးကြီးတစ်ခုပါပဲ။
Source: Brightside.me