အားလုံးပဲမင်္ဂလာပါနော်။ သင့်အနေနဲ့ မနက်ပိုင်းတွေမှာ လန်းလန်းဆန်းဆန်းမရှိတာ၊ ဘာကိုမှ တက်တက်ကြွကြွ လုပ်ချင်စိတ်မရှိဘဲ အမြဲအားကုန်နေသလို ခံစားနေရတာမျိုးကြုံနေရပြီဆိုရင်တော့ ကိုယ့်မှာရှိတဲ့ Lifestyle နဲ့အမူအကျင့်တွေအပေါ် ကျန်းမာရေးနဲ့ညီညွှတ်မှုရှိမရှိ ပြန်လည်ဆန်းစစ်ပေးဖို့ လိုပါပြီနော်။ သတိမထားမိဘဲအကျင့်ပါသွားတတ်တဲ့ Lifestyle အမှားတွေက သင့် Energy တွေဆုံးရှုံ့းစေပြီး ဘဝအတွက် Motivation မရှိဖြစ်စေတတ်ပါတယ်။
ဘဝတိုးတက်မှု မြင့်မားချင်သူတွေအတွက် အမူအကျင့်ကောင်းတွေက အရေးအကြီးဆုံးမို့ ဒီတစ်ခေါက်မှာ ကျန်းမာတက်ကြွတဲ့ဘဝနေထိုင်မှုမျိုးပိုင်ဆိုင်ဖို့ ပြုပြင်စွန့်ပစ်လိုက်သင့်တဲ့ အကျင့်ဆိုးတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။
၁။ အတိတ်ကအကြောင်းအရာတွေနဲ့ ပိတ်မိနေတာ
အတိတ်ကနောင်တတွေ၊ ပြန်မပြင်နိုင်တဲ့အကြောင်းအရာတွေအပေါ် ပြန်တွေးပြီး စိတ်ဖိစီးနေတတ်တာကလည်း စိတ်ရောကိုယ်ပါကျန်းမာရေးထိခိုက်ပြီး ပင်ပန်းစေလာတဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘာကိုပဲလုပ်လုပ် အတိတ်မှာဖြစ်ခဲ့တဲ့ ခံစားချက်တွေကို တတ်နိုင်သလောက်ဖယ်ထားပြီး ပစ္စုပ္ပန်ကိုသာ အာရုံစိုက်ထားပေးဖို့မမေ့သင့်ပါဘူး။
၂။ စိုးရိမ်ပူပန်တတ်တဲ့အကျင့်ရှိတာ
စိုးရိမ်နေတာက ပြဿနာတိုင်းကို အဆင်ပြေသွားအောင်မဖြေရှင်းပေးနိုင်ပါဘူး။ ပူပန်စိတ်များတာက သင့်ကိုစိတ်ပင်ပန်းအားလျော့နေပုံံပေါက်စေတာကြောင့် ဘယ်အရာမဆို မလုပ်ခင်ကတည်းက စိုးရိမ်တတ်တဲ့အကျင့်ကိုပြင်ပြီး ကိုယ်တတ်နိုင်တဲ့နေရာကနေ အာရုံစိုက်ကာ ကြိုးစားကြည့်ဖို့လိုပါတယ်။
၃။ အချိန်အကြာကြီးဖုန်းသုံးတာ
နောက်ထပ်သင့်ကို လန်းလန်းဆန်းဆန်းမရှိဘဲ လမ်းပျောက်နေသလိုခံစားချက်မျိုးပေးနိုင်တဲ့အရာကတော့ အချိန်အတော်ကြာ Social Media သုံးခြင်းပါပဲ။ ဖုန်းလိုစက်ပစ္စည်းတွေမှာပါတဲ့ အလင်းဓာတ်က အိပ်ပျော်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကိုကမောက်ကမ ဖြစ်စေတာကြောင့် အိပ်ရေးပျက်ကာ သင့်ကို တက်တက်ကြွကြွမရှိဘဲ ပင်ပန်းနေပုံပေါက်စေပါလိမ့်မယ်။
၄။ ပုံမှန်အိပ်ချိန်ပြည့်အောင်မအိပ်တာ
ခန္ဓာကိုယ်ကျန်းမာရေးကောင်းပြီး ကိုယ်တွင်းလုပ်ငန်းစဉ်တွေကောင်းကောင်းလည်ပတ်နိုင်ဖို့ ပြည့်ဝတဲ့ပုံမှန်အိပ်ချိန်တစ်ခုရှိဖို့လိုပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ပြီး အားလျော့နေတာမျိုးမဖြစ်ရအောင် ညဘက်တွေမှာ အချိန်တစ်ခုသတ်မှတ်ထားပြီး လုံလောက်အောင်အိပ်စက်ပေးပါ။
၅။ အဆိုးမြင်အတွေးများတာ
ဘယ်အရာမဆိုအဆိုးဘက်ကအရင်တွေးပြီး တွေဝေကာအတွေးများနေတတ်တာကလည်း သင့်ကိုတက်တက်ကြွကြွမရှိဘဲ နှောင်နှေးစေတဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအတွေးများတာက Stress ရစေပြီး သင့်ပတ်ဝန်းကျင်ကလူတွေကိုပါ အားလျှော့စေတာကြောင့် အကောင်းမြင်စိတ်မွေးပြီး ခွန်အားဖြစ်စေမယ့်အတွေးတွေနဲ့သာဝန်းရံထားပါ။ အတွေးများတာကိုဖြေဖျောက်ဖို့ ယောဂကျင့်တာ၊ တရားထိုင်တာမျိုးတွေပြုလုပ်ပေးသင့်ပါတယ်။
၆။ စားသောက်ပုံမှားယွင်းနေတာ
ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံကလည်း သင့်ခန္ဓာကိုယ်ကိုတိုက်ရိုက်ထိခိုက်စေပြီး သင့်စိတ်ရောကိုယ်ပါ Energy တွေလျော့စေပါတယ်။ ဒါကြောင့် အစားအသောက်ရွေးချယ်မှုကိုသတိထားပေးပါ။ အဆီအနှစ်များတဲ့ အသင့်စားအစားအသောက်တွေအစား ပရိုတင်းဓာတ်နဲ့ အစိမ်းရောင်အသီးအရွက်တွေကို မျှတအောင်စားပေးဖို့လိုပါတယ်။
၇။ အမြဲ Complaint တက်ပြီး ထိုင်ညဉ်းနေတတ်တာ
တစ်ခုခုဆို အမြဲထိုင်ပြီး ညဉ်းညူနေတာမျိုးကလည်း သင့်ကိုအားလျော့ပြီး စိတ်ပင်ပန်းစေပါလိမ့်မယ်။ ဒါကြောင့် စိတ်ညဉ်းညူပြီး ကိုယ့် Energy တွေကိုအသုံးချလိုက်တာထက် ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေကိုသာ အာရုံစိုက်ထားပေးသင့်ပါတယ်။
၈။ ရေဓာတ်ခန်းခြောက်တာ
ကိုယ်တွင်းရေဓာတ်ခန်းခြောက်ပြီး အရေပြားမွဲခြောက်ခြောက်ဖြစ်လာတာကလည်း အသားအရေအပြင် ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေ၊ ကိုယ့်ရဲ့ Energy နဲ့စိတ်အခြေအနေစတဲ့အရာတွေအပေါ်ကိုပါ သက်ရောက်မှု ကြီးတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းကင်းဖို့ နေ့စဉ်လုံလောက်တဲ့ရေပမာဏရအောင် သောက်ပေးဖို့လည်း မမေ့သင့်ပါဘူး။
Photo Source: Pinterest