ဘာကြောင့်မှန်းမသိ ကျောနောက်မှာ ဝက်ခြံတွေထွက်လာလို့ စိတ်ရှုပ်နေရပြီလား။ ဒါဆိုရင်တော့ ကိုယ့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ လုပ်နေကျအမူအကျင့်တွေ မှားနေလား ပြန်လည် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်နော်။ အထူးသဖြင့် ဒီလိုဝက်ခြံတွေက ရာသီဥတုပူတဲ့အချိန်တွေမှာ ပိုဖြစ်တတ်ပြီး သေချာဂရုမစိုက်ဘဲထားရင် အမာရွတ်ကျန်တာတွေ၊ ပျောက်ပြီးမှ ခဏခဏပြန်ထွက်တာတွေ ဖြစ်လာမှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ကျောနောက်က ဝက်ခြံတွေအရှင်းပျောက်ဖို့ ရှောင်ရမယ့်အလေ့အကျင့်တွေကို ဖော်ပြပေးလိုက်ရပါတယ်။ ကိုယ်တိုင်လုပ်နေမိတဲ့ အကျင့်တွေရှိရင် အချိန်မှီပြုပြင်နိုင်ဖို့ ဆက်ကြည့်လိုက်ရအောင်နော်-

အဆီပြန်ပြီး မသန့်ရှင်းတဲ့ ဆံပင်နဲ့ထိတွေ့တာ


ဆံသားအဆီပြန်တတ်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်နောက်ကျောနဲ့ ဆံပင်မထိအောင်ထားသင့်ပါတယ်နော်။ ဆံပင်မှာပါတဲ့ အဆီ၊ ဖုန်နဲ့ ဘက်တီးရီးယားတွေက နောက်ကျောမှာကပ်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံတွေပိုဖြစ်စေမှာပါ။

ရေချိုးတဲ့အချိန် ဂျီးပြောင်အောင်မတိုက်တာ


ဂျီးမစင်တဲ့အခါ ဆဲလ်သေတွေစုရာကတစ်ဆင့်လည်း ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်ပါတယ်။ ရေချိုးတဲ့အခါတိုင်း ကျန်ခဲ့တဲ့နေရာမရှိရအောင် သေချာလေးသန့်စင်ပေးပါ။ ဆဲလ်သေအကြွင်းအကျန်တွေနဲ့ ဝက်ခြံအမာရွတ်ကျန်ခဲ့တဲ့နေရာတွေ ဖယ်ရှားဖို့ တစ်ခါတစ်ရံ သဘာဝပစ္စည်းတွေနဲ့ Exfoliate လုပ်ပေးဖို့လည်း အကြံပေးချင်ပါတယ်။

မျက်နှာနဲ့ခန္ဓာကိုယ် ရေသုတ်ဝတ် တစ်မျိုးထဲထားတာ


ရေချိုးပြီးချိန်မှာတောင် မမြင်ရတဲ့အဆီနဲ့ ဘက်တီးရီးယားတွေ ခန္ဓာကိုယ်အနှံ့မှာရှိနေနိုင်ပါတယ်။ မျက်နှာအဆီပြန်တတ်တဲ့သူတွေဆိုရင် ပိုဆိုးပါတယ်နော်။ အဆီအကြွင်းအကျန်တွေ ခန္ဓာကိုယ်မှာကပ်သွားနိုင်တာမို့ မျက်နှာနဲ့ခန္ဓာကိုယ် ရေသုတ်ပုဝါကို တစ်မျိုးဆီခွဲသုံးပေးပါ။

Chemical များတဲ့ Body Cream တွေလိမ်းတာ


နောက်ကျောမှာ ဝက်ခြံထွက်တဲ့သူဆိုရင် အနံ့ပြင်းပြီး Chemical များတဲ့ Lotion တွေ Body Cream တွေ မလိမ်းတာအကောင်းဆုံးပါပဲ။ အချို့အာနိသင်ပြင်းတဲ့ Cream တွေက ချွေးပေါက်ပိတ်ပြီး ဝက်ခြံပြဿနာကို ပိုဆိုးစေမှာပါ။

ကိုယ်ကျပ်အင်္ကျီတွေ အဝတ်များတာ


အရမ်းကြပ်တဲ့ Bra တွေ၊ ကိုယ်ကျပ်အင်္ကျီတွေဝတ်ထားတာက လေဝင်ပေါက်ပိတ်ပြီး ချွေးနဲ့ဂျီးတွေကြောင့် ချွေးပေါက်ပိတ်ကာ ခန္ဓာကိုယ်အစိုဓာတ်ပါ ခန်းခြောက်စေပါတယ်။ ဒါကြောင့်မို့ ကျောနောက်ဝက်ခြံထွက်တတ်တဲ့သူတွေက ကိုယ်ကျပ်တွေကိုရှောင်ပြီး သက်တောင့်သက်သာရှိတဲ့ ခပ်ချောင်ချောင်အဝတ်အစားတွေကိုသာ ရွေးဝတ်သင့်ပါတယ်။

Workout လုပ်ပြီး ချက်ချင်းအဝတ်မလဲတာ


လေ့ကျင့်ခန်းလုပ်ပြီးချိန် ချွေးစိုနေတဲ့အင်္ကျီက ဘက်တီးရီးယားကပ်ဖို့ အရမ်းလွယ်ပါတယ်နော်။ ဒီလို ဘက်တီးရီးယားတွေနဲ့ မသန့်တဲ့အဝတ်ကို ကြာကြာဝတ်ထားရင် ခန္ဓာကိုယ်ယားယံလာတတ်တာမို့ အချိန်ဆွဲမနေဘဲ အဝတ်လဲတာ (သို့) ရေချိုးချလိုက်တာမျိုး လုပ်ပေးပါ။

မသန့်တဲ့နံရံတွေမှာ မှီတာ


အပြင်ကနံရံတွေမှာ ပိုးမွှားမျိုးစုံရှိတတ်တာမို့ ဒီလိုနေရာတွေမှာ အကာအကွယ်မရှိဘဲ လက်လွတ်စပယ် နောက်ကျောမှီတာမျိုး မလုပ်မိအောင်လည်း သတိထားပေးပါနော်။

အိပ်ရာခင်းပုံမှန်မလဲတာ


အိပ်ရာခင်းမသန့်တဲ့အခါမှာလည်း ဝက်ခြံတွေထွက်လာတတ်ပါတယ်။ ဒါကြောင့်မို့ အနည်းဆုံး နှစ်ပတ်မှ သုံးပတ်ကြား တစ်ကြိမ်လောက် အိပ်ရာခင်းပုံမှန်လဲတာမျိုး လုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar