ခါးနာတာသက်သာဖို့က ကိုယ့်ရဲ့နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အကျင့်တွေကအစ ပြောင်းလဲဖို့ လိုပါတယ်။ ဒါကြောင့် ခါးနာတာသက်သာစေဖို့ နေ့စဉ်ပြုလုပ်ပေးရမယ့် အလေ့အကျင့် ၈ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအလေ့အကျင့်တွေက ခါးနာတာသက်သာဖို့ကို အများကြီးအကူအညီဖြစ်စေပါတယ်။

ပေါ့ပါးတဲ့အကြောဆန့်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းတွေ အများကြီးမလုပ်နိုင်ရင်တောင်မှ ခါးနာတာသက်သာစေတဲ့ အကြောဆန့်လေ့ကျင့်ခန်း လွယ်ကူတာတွေ၊ အလုပ်လုပ်ရင်းနဲ့ ခဏနားပြီး ပေါ့ပေါ့ပါးပါး လုပ်လို့ရတာမျိုးတွေကို လုပ်ပေးပါ။

ဖိနပ်အနိမ့်ပြောင်းစီးပါ

ခါးနာတဲ့သူတွေက ဖိနပ်အမြင့်စီးရင် ခါးနာတာ ဘယ်တော့မှမသက်သာပါဘူး။ ဒါကြောင့် ခါးနာတာ သက်သာဖို့ဆိုရင် ဖိနပ်အနိမ့် ပြောင်းစီးဖို့လိုပါတယ်။ ဒေါက်မစီးလို့မရတဲ့ အခြေအနေဆိုရင်လည်း ဒေါက်နိမ့်တာ ပြောင်းစီးပါ။

၁၀ မိနစ်လမ်းလျှောက်ပါ

အထိုင်များရင် ခါးနာတာက ပိုဆိုးစေပါတယ်။ ဒါကြောင့် တစ်ချိန်လုံးထိုင်နေတာမျိုးမလုပ်ပဲ ၁၀ မိနစ်လောက် လမ်းထလျှောက်တာမျိုး လုပ်ပေးပါ။ ကွန်ပြူတာနဲ့ အမြဲထိုင်ပြီးအလုပ်လုပ်နေရတဲ့ သူတွေဆိုရင် ၂ နာရီခြားတစ်ခါလောက် လမ်းထလျှောက်ပါ။

Position ပြောင်းပါ

တစ်နေကုန် Position တစ်မျိုးထဲနဲ့ အကြာကြီးနေတာမျိုး မလုပ်ပါနဲ့။ အချိန်အကြာကြီးထိုင်ရတဲ့သူဆိုရင် အပေါ်မှာပြောခဲ့သလို လမ်းထလျှောက်တာမျိုး၊ အကြာကြီးမတ်တပ်ရပ် အလုပ်လုပ်ရတဲ့သူဆိုလည်း ခဏခဏ ထိုင်ပေးတာမျိုး လုပ်ပေးပါ။ Position တစ်မျိုးထဲ အကြာကြီးနေရင်လည်း ခါးနာစေပါတယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

အသက်ရှုလေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး အာရုံကြောစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ခါးနာခြင်းကိုလည်း သက်သာစေပါတယ်။ အသက်ရှုခြင်းက အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်အတွင်း ဖိအားနဲ့တင်းမာမှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အားတဲ့အချိန်အတိုင်း ၅ ကြိမ်၊ ၁၀ ကြိမ်လောက် အသက်ကို ရှိုက်ရှူလိုက်၊ ဖြေးဖြေးချင်းပြန်ထုတ်လိုက်နဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ။

နားနားပြီးလုပ်ပါ

အလုပ်လုပ်တဲ့အခါ တောက်လျှောက်ထိုင်ပြီးမလုပ်ပါနဲ့။ နားနားပြီးလုပ်ပါ။ ခဏနားပြီး အကြောဆန့်လိုက်၊ လမ်းထလျှောက်လိုက်၊ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူလိုက်နဲ့ လုပ်ပြီးတော့မှ ပြန်လုပ်ပါ။

ရေခဲကပ်ပါ

ခါးနာတာက ရေခဲကပ်ပေးရင်လည်း သက်သာစေပါတယ်။ နေ့တိုင်းသာ ကပ်ပေးပါ။ ရေခဲမရှိတဲ့အခါ ရေနွေးအိတ်ကပ်ပေးလည်း ရပါတယ်။

အိပ်တဲ့ပုံစံပြောင်းပါ

ခါးနာတဲ့သူတွေအိပ်ရတဲ့ပုံစံမျိုး ရှိပါတယ်။ အဲ့အတိုင်းအိပ်ပေးပါ။ ခါးနာက အိပ်ယာအရမ်းပျော့တာထက် နည်းနည်းမာတာမျိုးနဲ့အိပ်ရင် ပိုပြီးသက်သာစေပါတယ်။