ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အကောင်းဆုံး နည်းလမ်းက လေ့ကျင့်ခန်း လုပ်ခြင်း ဖြစ်တာကိုတော့ အကုန် သိပြီးဖြစ်မှာပါ။ ဒါပေမဲ့ လေ့ကျင့်ခန်း မလုပ်ဘဲ လွယ်ကူတဲ့ အလုပ်တွေ လုပ်ရင်း ကယ်လိုရီ ၁၀၀ ဝန်းကျင် လောင်ကျွမ်းစေနိုင်တာ သင် သိပါသလား။

သင်က ဖော်ပြပါ နည်းလမ်းတွေကို သိထားရင် လေ့ကျင့်ခန်း လုပ်ဖို့ အချိန်မပေးနိုင်ရင်တောင် အထောက်အကူ ဖြစ်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ အိမ်မှာ ဟင်းချက်ပါ

အရွက်တွေ ဆေးတာ၊ ကြက်သွန်လှီးတာ၊ အသားတွေ ပြင်ဆင်တာ၊ ဟင်းနယ်တာ စတဲ့ အလုပ်တွေက သင်ထင်ထားတာ ထက်ပို ဝိတ်ကျစေနိုင်ပါတယ်။ ဟင်းချက်တာကို မိနစ် ၄၀ လောက် လုပ်ရင် ကယ်လိုရီ ၁၀၀ ဝန်းကျင် လောင်ကျွမ်းနိုင်ပါတယ်။

၂။ ရေချိုးခန်း သန့်ရှင်းရေး လုပ်ပါ

သင်က အိမ်သာတိုက်တာ၊ ရေချိုးခန်း တိုက်တာ စတဲ့ အိမ်မှုကိစ္စတွေကို ၂၅ မိနစ်ကနေ ၃၀ မိနစ် လုပ်ပေးရင် ကယ်လိုရီ ၁၀၀ ကျော် ကျနိုင်ပါတယ်။

၃။ လှေကားကို သုံးပါ

သင့်အလုပ်က ဓာတ်လှေကားနဲ့ တက်ပြီး အလုပ်လုပ် ရရင် ဒီနေရာမှာ ရိုးရိုးလှေကားကို သုံးသင့်ပါတယ်။ ဒါ့အပြင် ကားပါကင် ရပ်တဲ့အချိန် လှေကားနဲ့ အဝေးမှာ ရပ်သင့်ပါတယ်။ ဒီလိုဆိုရင် လမ်းလျှောက်ဖို့ အချိန်ပေးသလိုပါပဲ။

၄။ အခန်း ဆေးသုတ်ပါ

သင့်အိမ်ခန်း တောက်ပသွားစေဖို့ ၃၅ မိနစ်ကနေ မိနစ် ၄၀ ဝန်းကျင် ဆေးသုတ်တာက ကယ်လိုရီ ၁၀၀ ကျော် လောင်ကျွမ်းစေနိုင်ပါတယ်။

၅။ ဖုန်းဆက်တဲ့အခါ လမ်းလျှောက်ပြောပါ

သင်က အလုပ်မှာ အထိုင်များသူဆိုရင် ဖုန်းပြောတဲ့အခါ နားကျပ်နဲ့ ပြောသင့်ပါတယ်။ နားကျပ်နဲ့ဆိုရင် လမ်းလျှောက်နိုင်ပြီး အလုပ်နှစ်ခု ပြီးပါတယ်။

၆။ သူငယ်ချင်းကို ဖုန်းခေါ်ပြီး ရယ်မောပါ

တစ်နေ့မှာ အနည်းဆုံး မိနစ် ၂၀ ခန့် ရယ်မောခြင်းက ကယ်လိုရီ ၁၀၀ လောင်ကျွမ်းစေပါတယ်။ သင့်အခင်ဆုံး သူငယ်ချင်းကို ဖုန်းခေါ်ကာ ဟာသတွေ ပြောရင်း ရယ်မောနိုင်ပါတယ်။

၇။ အဝတ်ဗီရို သန့်ရှင်းရေး လုပ်ပါ

ပိတ်ရက်တွေမှာ သင့် အဝတ်ဗီရိုကို သန့်ရှင်းရေး လုပ်သင့်ပါတယ်။ အင်္ကျီတွေကို လိုက်ဝတ်ကြည့်ပြီး ကိုယ်နဲ့ မတော်တာတွေ ဖယ်နိုင်ပါတယ်​။ ဒီ Activity က သင့် ခန္ဓာကိုယ်က ကယ်လိုရီတွေကို လောင်ကျွမ်းစေပါလိမ့်မယ်။

၈။ အကြောလျှော့ပါ

အပန်းဖြေတဲ့ အနေနဲ့ ၂၀ မိနစ် ကနေ ၃၀ မိနစ် အကြောလျှော့တာ၊ ယောဂကျင့်တာ စတဲ့ အလေ့အကျင့်တွေက ကယ်လိုရီ ၁၀၀ ကို အေးဆေး ကျစေနိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar