ဝမ်းဗိုက်က အဆီတွေဟာ တကယ်ကိုချရခက်တဲ့ အဆီတွေပါပဲ။ ဒါပေမယ့် မှန်ကန်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေရှိရုံနဲ့ ဝမ်းဗိုက်က အဆီတွေကို အချိန်တိုအတွင်း ဖယ်ရှားနိုင်ပါတယ်။ “Jelly Belly” ကို ဖယ်ရှားပစ်ဖို့ ထိရောက်တဲ့လေ့ကျင့်ခန်း ရှစ်ခုရှိပါတယ်။ တစ်ပတ်ကို အနည်းဆုံး သုံးရက်လောက်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးပါရစေ။ သင့်ရဲ့”Jelly Belly” ကို နှုတ်ဆက်ချင်တယ်ဆိုရင်တော့ ဒီလေ့ကျင့်ခန်းရှစ်ခုက ကူညီပေးပါလိမ့်မယ်။

Bodyweight Squats with Pulse

အရင်ဆုံးခြေထောက်တွေကို ပခုံးအကျယ်အတိုင်း ကားလိုက်ပါ။ ပြီးရင် ပေါင်ကို တတန်းထဲဖြစ်အောင် တင်ပါးကို ဖိချပြီးထိုင်လိုက်ပါ။ တကျော့ ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Pushups

ဒိုက်ထိုးတဲ့အခါ လက်ကောက်ဝတ်တွေက ပခုံးအောက်မှာ ရှိသင့်ပါတယ်။ ဒိုက်ထိုးတဲ့အခါ ဗိုက်ကိုချပ်ထားပြီး တံတောင်ဆစ်ကို နည်းနည်းကွေးပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်ဆီ နှိမ့်ချလိုက်ပါ။ ပြီးမှ တံတောင်ဆစ်ကို ပြန်ဆန့်ပါ။ တကျော့ ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Split Squats

အရင်ဆုံး ခြေထောက်နှစ်ဖက်ကိုခွဲပြီးရပ်ပါ။ ခြေထောက်တစ်ဖက် အနောက်ကိုထုတ်ပြီး ကြမ်းပြင်နဲ့ထိခါနီးထိ ဒူးကွေးလိုက်ပါ။ ခြေထောက်တစ်ဖက်စီကို ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Walking Lunges

ခြေထောက်တဖက်နဲ့တဖက်ကို အကြဲလှမ်းပါ။ လှမ်းတဲ့အချိန် နောက်ဒူးကိုကွေးချလိုက်ပါ။ ပြီးမှ ပြန်ထပါ။ ဒီလိုနဲ့ ခြေထောက်တစ်ဖက်စီကို ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Bench Dips

ခုံ ဒါမှမဟုတ် မာတဲ့အရာတစ်ခုပေါ် လက်ပြန်ထောက်လိုက်ပါ။ ခြေထောက်တွေကိုဆန့်ထားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းနှိမ့်ချပါ။ ပြီးရင် ပြန်တွန်းတင်ပါ။ တကျော့ ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Side Plank Oblique Crunches

အရင်ဆုံး တစောင်းလှဲပြီး တံတောင်ဆစ်နဲ့ ထောက်လိုက်ပါ။ နောက်လက်တဖက်က ခေါင်းကို ကိုင်ထားပြီး ဒူးကို တံတောင်ဆစ်ကိုထိအောင် ကွေးလိုက်ပါ။ ခြေထောက်တစ်ဖက်စီကို ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Reverse Crunches

အရင်ဆုံး မြေပြင်ပေါ် လှဲအိပ်ပါ။ လက်နှစ်ဖက်ကို ဘေးချထားပြီး ခြေထောက်နှစ်ဘက်ကို အပေါ်မြှောက်လိုက်ပါ။ ခြေထောက်မြှောက်တဲ့အချိန် ဗိုက်ကိုချပ်ထားပါ။ ပြီးမှပြန်ချပါ။ တကျော့ ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။

Cross-Body Mountain Climbers

အရင်ဆုံး ဒိုက်ထိုးတဲ့ပုံစံအတိုင်း နေပါ။ ခြေထောက်တွေကိုဆန့်ထားပြီး လက်နှစ်ဖက်က ပခုံးနဲ့တတန်းတည်းဖြစ်အောင် ဂရုစိုက်ပါ။ ဒူးကိုဆန့်ကျင်ဘက်တံတောင်ဆစ်ဆီရောက်အောင် ကွေးလိုက်ပါ။ ခြေထောက်တစ်ဖက်စီကို ၁၅ ကြိမ်နဲ့ ၄ ကျော့လုပ်ပေးပါ။