ကိုယ့်ရဲ့ဆံကေသာကို အမြဲပျော့ပျော့ပြောင်းပြောင်းလေးဖြစ်စေချင်တဲ့ ပျိုမေတို့အနေနဲ့ ပေါင်းဆေးတွေဝယ်စရာမလိုဘဲ အိမ်တွင်းပစ္စည်းတွေကိုအသုံးပြုပြီးတော့ သဘာဝအတိုင်း ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ မိနစ်(၂၀) လောက်အချိန်ပေးလိုက်ရုံနဲ့ ကျန်းမာတဲ့ဆံသားရနိုင်ဖို့ မီးဖိုချောင်ထဲကစားသောက်ကုန်တွေနဲ့ ပေါင်းတင်လို့ရမယ့်နည်းလမ်းတွေကိုပြောပြပေးပါရစေ။

၁။ ပျားရည်နဲ့နွားနို့

ဒီနည်းလမ်းကတော့ နွားနို့တစ်ခွက်ထဲကို ပျားရည်-စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေရမှာပါ။ မွှေပြီးတာနဲ့ ဆံသားရင်းကနေအဖျားပိုင်းအထိနှိပ်နယ်ပြီး သေချာသုတ်လိမ်းပေးပါ။ (၁၅) မိနစ်လောက်ထားပြီးတာနဲ့ ရေနွေးနွေးနဲ့ဆေးချပြီးတော့ ပုံမှန်ခေါင်းလျှော်ရည်နဲ့ပြန်လျှော်နိုင်ပါတယ်။

၂။ အုန်းနို့ခရင်မ်

အုန်းနို့ခရင်မ်က ခြောက်သွေ့နေတဲ့ဆံသားကိုအစိုဓာတ်ပြန်ရစေပါတယ်။ အုန်းနို့ခရင်မ်အချို့ကို မိမိဆံသားပေါ် ဖြေးဖြေးချင်းသုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ခေါင်းသုတ်ပုဝါနွေးနွေးတစ်ထည်နဲ့ ပတ်ထားပြီး တစ် နာရီလောက်ထားပေးပါ။ အချိန်ပြည့်တဲ့အခါ ခေါင်းလျှော်ရည် အပျော့နဲ့လျှော်ပြီး သဘာဝအတိုင်းခြောက်သွေ့အောင်ထားပါ။

၃။ ဌက်ပျောသီးနဲ့ Almond ဆီ

ဌက်ပျောသီးတစ်လုံးကိုကြိတ်ချေပြီး Almond ဆီ သုံးစက်ထည့်မွှေပါ။ သမအောင်မွှေပြီး ဆံသားအနှံ့သုတ်လိမ်းပေးပါ။ (၂၅) မိနစ်လောက်ထားပြီးတာနဲ့ ရေဆေးချပြီး ခေါင်းလျှော်နိုင်ပါတယ်။

၄။ စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီး ပန်းကန်လုံးတစ်လုံးစာကို ကြက်ဥအနှစ်တစ်လုံး၊ သံလွင်ဆီ-စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့အတူ သမအောင် ရောကြိတ်ပေးပါ။ ခပ်စေးစေးအနှစ်လေးရလာတဲ့အခါ ဆံသားကိုသုတ်လိမ်းပေးပြီး မိနစ် (၂၀) လောက်ထားနိုင်ပါတယ်။ ထားပြီးရင်တော့ ရေဆေးချပြီး ခေါင်းလျှော်ရည်အပျော့ နဲ့လျှော်ပေးပါ။

၅။ ထောပတ်သီးနဲ့ Mayo

Mayo(မယောနိစ်) နဲ့ ထောပတ်သီးကလည်း ဆံသားအတွက်အားဖြစ်စေပါတယ်။ Mayo တစ်ခွက်စာနဲ့ ကြိတ်ပီးသား ထောပတ်သီးတစ်ခြမ်း ကိုရောမွှေပြီးတော့ ဆံသားအရင်းထိနှံ့အောင်သုတ်လိမ်းပေးပါ။ ပြီးရင် မိနစ် (၂၀) ထားပြီးတာနဲ့ ရေအေးအေးနဲ့ဆေးချလိုက်ပါ။

၆။ သံလွင်ဆီနဲ့ သံပယိုသီး

ဒီနည်းကတော့ ဆံသားခြောက်သွေ့ပြီးဗောက်ထတတ်တဲ့သူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းဖြစ်ပါတယ်။ ပထမဆုံး သံပယိုသီး-စားပွဲတင်ဇွန်း ၂ ဇွန်းစာ အရည်ညှစ်ပါ။ ပြီးရင် သံလွင်ဆီ-၂ ဇွန်း၊ ရေ- ၂ ဇွန်းထည့်မွှေပါ။ မွှေပြီးတာနဲ့ ဗောက်ထနေတဲ့ဆံသားအနှံ့သုတ်လိမ်းပေးပါ။ မိနစ် (၂၀) လောက်ထားပြီးတာနဲ့ ပုံမှန်အတိုင်းခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါပြုလုပ်နိုင်ပါတယ်။

၇။ ပျားရည်နဲ့ သံလွင်ဆီ

ပျားရည်နဲ့ သံလွင်ဆီက နေလောင်ဒဏ်ကြောင့်ပျက်စီးနေတဲ့ဆံသားကို အားပြန်ဖြည့်ပေးနိုင်ပါတယ်။ ပြုလုပ်ရမယ့်နည်းလမ်းကတော့ ခြောက်သွေ့တဲ့ဆံသားပေါ်ကို ပျားရည် ခွက်တစ်ဝက်စာ သုတ်လိမ်းပြီး မိနစ် (၂၀) အကြာမှာ ရေနွေးနွေးနဲ့ပြန်ဆေးချရမှာပါ။ ပျားရည်တစ်ခုတည်းနဲ့လည်းပြုလုပ်နိုင်သလို စေးကပ်ကပ်မဖြစ်အောင် သံလွင်ဆီ- ၁ ဇွန်း၊ ၂ ဇွန်းလောက်ထည့်ပြီးတော့လည်းအသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကိုတော့တစ်လတစ်ခါလုပ်နိုင်ပါတယ်။

၈။ ကြက်ဥနဲ့ နွားနို့

ကြက်ဥအနှစ်နဲ့အကာကိုခွဲထားပါ။ ကြက်ဥအနှစ်ကို နွားနို့တစ်ခွက်၊ သံလွင်ဆီ နှစ်ဇွန်းနဲ့ရောမွှေပြီး သံပယို သီး တစ်စိပ်ညှစ်ထည့်ပါ။ ပြီးရင် ဆံသားနဲ့ဦးရေပြားကို စိမ့်ဝင်သွားအောင်လိမ်းပြီးတော့ ဆံပင်ကို Shower Cap နဲ့ (၁၅) မိနစ်အနည်းဆုံးအုပ်ထားပေးပါ။ ပြန်ဆေးချတဲ့အခါ ရေအေးအေး ဒါမှမဟုတ် ရေနွေးနွေးကိုအသုံးပြုပေးပါ။ ကိုယ့်ရဲ့ ဆံပင်အတို၊ အရှည်ပေါ်မူတည်ပြီးတော့ ကြက်ဥတစ်လုံးကနေ နှစ်လုံးအထိ အသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar