အခုလိုမိုးရာသီမှာ COVID-19 နဲ့ ကူးစက်တတ်တဲ့ရာသီတုပ်ကွေး ၊ အအေးမိဖျားနာခြင်းစတာတွေကြောင့် နှာစေးတာ၊ လည်ချောင်းနာတာစတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။ လည်ချောင်းနာတာကိုကုသဖို့အတွက် ဆေးသောက်တာနဲ့ ရေများများသောက်ပေးတာအပြင် အမြန်ဆုံး ပြန်လည်သက်သာအောင်အထောက်အကူပြုမယ့် အစားအသောက်တွေကိုရွေးချယ်စားသုံးတတ်ဖို့ လည်းလိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ လည်ချောင်းနာခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်မယ့် အစားအသောက် (၈) မျိုးကိုပြောပြပေးချင်ပါတယ်။

၁။ ကြက်ပြုတ်ရည်

လည်ချောင်းနာခြင်းက ရေဓာတ်ခန်းခြောက်ခြင်းကြောင့် အဖြစ်များပြီး ကြက်ပြုတ်ရည်က ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် သူ့မှာပါဝင်တဲ့ ဆားကလည်း ကိုယ်ခန္ဓာရဲ့ တစ်ရှုးတွေထဲမှာလိုအပ်တဲ့ အရည်ဓာတ်တစ်မျိုးကိုထိန်းညှိပေးနိုင်တယ်လို့ ဆရာဝန်တွေကအကြံပြု ထားပါတယ်။ သတ်သတ်လွတ်စားတဲ့သူတွေအနေနဲ့ကတော့ အသီးအရွက်ပြုတ်ရည်တစ်မျိုးမျိုးကို သောက်သုံးသင့်ပါတယ်။

၂။ ပျားရည်

ပျားရည်ကို ဟိုးအရင်ကတည်းက ဆေးကုသမှုအမျိုးမျိုးအတွက် အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Manuka ပျားရည်ဟာ အအေးမိခြင်းနဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အစရှိတဲ့ ကူးစက်မှုတို့ကိုပျောက်ကင်းစေဖို့အတွက် အကျိုးပြုတဲ့ ဆေးဖက်ဝင်ပျားရည်တစ်မျိုးဖြစ်ပါတယ်။

၃။ ဒိန်ချဉ်

ဒိန်ချဉ်မှာ ပရိုတင်းကြွယ်ဝတဲ့အပြင် ကစီဓာတ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီဓာတ်တွေနဲ့အတူ ကိုယ်ခံအားစနစ်ကိုအထောက်အကူပြုပေးနိုင်တဲ့အကျိုးပြုဗီဇတွေပါဝင်ပါတယ်။ ဒိန်ချဉ်ဟာပျော့တဲ့အစာ ဖြစ်တာကြောင့် လည်ချောင်းနာတဲ့သူတွေအတွက်မျိုချရတာလည်းအဆင်ပြေစေပါတယ်။

၄။ Mashed Potatoes

အားလူးကိုအခွံခွာစရာမလိုဘဲ ညက်နေအောင်ခြေထားတဲ့ Mashed Potatoes ပူပူနွေးနွေးလေးစားပေးတာက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေတဲ့ မဂ္ဂနီဆီယမ်၊ ဗီတာမင်စီနဲ့ Antioxidants တွေကြွယ်ဝစွာရရှိစေနိုင် ပါတယ်။

၅။ ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ဇင့်၊ သံဓာတ်တို့အပြင် အစာချေစနစ်နဲ့ ကိုယ်ခံအားကိုအထောက်အကူပြုတဲ့ Selenium ၊ ဗီတာမင် B12နဲ့ ဗီတာမင်ဒီ အစရှိတဲ့ကိုယ်ခန္ဓာကိုအကျိုးပြုတဲ့ ဓာတ်တွေပါဝင်တဲ့အတွက် လည်ချောင်းနာခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ ကူးစက်မှုတွေဆက်မဖြစ်အောင်ခုခံကာကွယ်ပေးနိုင်ပါတယ်။

၆။ ဂျင်း

သုတေသနလေ့လာချက်တွေအရ ဂျင်းမှာ နာကျင်မှုနဲ့ ရောင်ရမ်းခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ ကိုယ်ခန္ဓာကိုအကျိုးပြုတဲ့ Antioxidants တွေပါဝင်ပါတယ်။ ဂျင်းက လည်ချောင်းနာတာအပြင် ချွဲသလိပ်ထခြင်းနဲ့ အော့အန်ခြင်းတွေမဖြစ်အောင်လည်းကာကွယ်တားဆီးပေးနိုင်ပါတယ်။ ဂျင်းကို ပျားရည်နဲ့တွဲစားသောက်ခြင်းဟာလည်း သာမာန်ထက်ပိုအကျိုးရှိနိုင်ကြောင်း ဆရာဝန်အချို့က အကြံပြုထားပါတယ်။

၇။ Smoothies (အသီးဖျော်ရည်များ)

ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး လည်ချောင်းနာခြင်းကိုသက်သာနိုင်ဖို့အတွက် ဗီတာမင်စီကြွယ်ဝတဲ့ လိမ္မော်သီး နဲ့ ဆန်းကစ်သီးတို့လိုအရည်ရွှမ်းတဲ့အသီးတွေကို ဖျော်သောက်ပေးသင့်ပါတယ်။ ဘယ်ရီသီးအမျိုးမျိုး ၊ ကီဝီသီး ၊ သံပယိုသီးနဲ့ သခွားသီးတို့လို သကြားဓာတ်နည်းတဲ့အသီးတွေမှာလည်း နာမကျန်းဖြစ်ခြင်းတွေကိုတွန်းလှန်ပေးနိုင်တဲ့ Antioxidants တွေပါဝင်ပါတယ်။

၈။ ရေခဲမုန့်

ထူးခြားစွာနဲ့ အအေးစာတစ်မျိုးဖြစ်တဲ့ ရေခဲမုန့်ကလည်း လည်ချောင်းနာခြင်းကိုသက်သာစေနိုင်ပြီး ရောင်ရမ်းခြင်းတွေကိုလျှော့ချပေးနိုင်တယ်လို့ ဆရာဝန်အချို့ကအကြံပြုထားပါသေးတယ်။ ဒါပေမယ့်လည်း သကြားဓာတ်လွန်ကဲတဲ့ ရေခဲမုန့်တွေကိုအလွန်အကျွံမစားမိအောင်တော့ သတိထားရမှာဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar