တစ်နေ့တာလုံးလန်းဆန်းပြီး Motivation ကောင်းကောင်းနဲ့အလုပ်လုပ်နိုင်ဖို့ မနက်အိပ်ရာနိုးတဲ့အချိန်နဲ့ နိုးနိုးချင်းပြုလုပ်လေ့ရှိတဲ့အရာတွေအပေါ်မှာ မူတည်နေတတ်ပါတယ်။ အကျိုးရှိရှိနဲ့ တစ်နေ့တာလုံး တက်ကြွနေစေဖို့ တွန်းအားပေးနိုင်တဲ့ မနက်ပိုင်းအချိန်တွေပိုင်ဆိုင်ဖို့အတွက် မနက်ပိုင်းမှာပြုလုပ်သင့်တဲ့အရာတွေအကြောင်းကိုသိထားဖို့လိုပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ မနက်ခင်းတိုင်း Motivation ရနေစေဖို့ ပြုလုပ်ပေးရမယ့်အရာတွေကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ အိပ်ရာပေါ်ကချက်ချင်းထပေးပါ


တက်တက်ကြွကြွနဲ့နေ့အသစ်စနိုင်ဖို့ ပထမဆုံးနဲ့အရေးအကြီးဆုံးအချက်တစ်ခုက မနက်နိုးတာနဲ့ အိပ်ရာပေါ်ကချက်ချင်းထပေးတာပဲဖြစ်ပါတယ်။ Alarm ပေးပြီးအိပ်တတ်တဲ့သူတွေအနေနဲ့လည်း ပိတ်ပြီးပြန်အိပ်တာမျိုးမလုပ်ဖို့နဲ့ နိုးနိုးချင်း အိပ်ရာပေါ်မှာအချိန်ကုန်ပြီး Social Media သုံးနေတာမျိုးမလုပ်မိဖို့ လိုပါတယ်။ ဒါကသင့်ကိုအာရုံများပြီး အချိန်ကုန်စေတာကြောင့် တစ်နေ့လုံးလန်းလန်းဆန်းဆန်းမရှိဘဲ ဖြစ်စေပါလိမ့်မယ်။

၂။ လုပ်စရာရှိတဲ့အရာတွေကို မြင်သာအောင်ရေးပြီး ကပ်ထားပါ


မနက်နိုးတာနဲ့ ကိုယ်လုပ်စရာရှိတဲ့အရာ ဒါမှမဟုတ် ကိုယ့်ရဲ့ အိပ်မက်နဲ့ Goal တွေကို စာရွက်တစ်ရွက်မှာ ရေးချပြီး မြင်သာတဲ့နေရာမှာထားပေးပါ။ ဒီလိုလုပ်ထားတာက သင့်ကို မနက်တိုင်းသတိပေးနေသလို ဖြစ်စေတာကြောင့် လုပ်စရာရှိတာတွေအပေါ် အာရုံပိုစိုက်နိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။

၃။ သွေးပူလေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ


မနက်ပိုင်းယောဂကျင့်တာ၊ အကြောလျော့လေ့ကျင့်ခန်းလုပ်ပေးတာတွေက တစ်နေ့တာလုံးစိတ်ကြည်လင်ပြီး တက်ကြွနေဖို့အားဖြည့်ပေးတဲ့ ခံစားမှုဟော်မုန်းတက်စေပါတယ်။ ရေရှည်ပုံမှန်လုပ်ပေးမယ်ဆိုရင် သင့်ကိုကိုယ်ရည်စစ်စေသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းတက်စေမှာပါ။

၄။ ရေတစ်ခွက်အပြည့်သောက်ပါ


မနက်ပိုင်းမှာလန်းဆန်းပြီး အသားအရေလည်းလှစေဖို့ အိပ်ရာနိုးနိုးချင်း ရေအပြည့်တစ်ခွက် ဒါမှမဟုတ် သံပယိုသီးနဲ့ရေရောထားတဲ့ Lemon Water တစ်ခွက်ပုံမှန်သောက်ပေးဖို့လိုပါတယ်။

၅။ အကြိုက်ဆုံးသီချင်းလေးတွေနားထောင်ပါ


သီချင်းနားထောင်တာကလည်း စိတ်ခွန်အားပေးနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် မနက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့သီချင်းတွေနားထောင်လိုက်တာက သင့်ကိုအိပ်ချင်ပြေစေမယ့်အပြင် တစ်နေ့တာလုံး Mood ကောင်းနေစေဖို့ကူညီပေးပါလိမ့်မယ်။

၆။ ပစ္စုပ္ပန်ကိုပဲအာရုံစိုက်ထားပါ


နောက်ထပ်နေ့တစ်နေ့ကိုတက်တက်ကြွကြွစတင်ဖို့ ပြုလုပ်ရမှာကတော့ အရင်နေ့ကအမှားတွေအကြောင်းကို မစဉ်းစားဘဲ ကိုယ်အခုရောက်နေတဲ့အချိန်ကိုပဲ အာရုံစိုက်ထားဖို့ပဲဖြစ်ပါတယ်။ ကိုယ်ရောက်နေတဲ့နေရာကို အာရုံစိုက်ထားပြီးအလုပ်လုပ်တဲ့အခါ Motivation ရပြီး စိတ်ဖိစီးပူပန်မှုတွေလျော့နည်းလာတာကို တွေ့ရပါလိမ့်မယ်။

၇။ ကိုယ်ပိုင်စည်းကမ်းတွေသတ်မှတ်ထားပြီး အချိန်မှန်လိုက်နာပေးပါ


ကိုယ်လုပ်ရမယ့်အရာတွေအတွက် မနက်ပိုင်းထဲကအချိန်ဆွဲတာ၊ စည်းကမ်းအချို့သတ်မှတ်ထားတာက တစ်နေ့လုံးအတွက် သင့်ကိုအာရုံမများစေဘဲ အချိန်တိုအတွင်းအလုပ်ပြီးစေဖို့ လေ့ကျင့်ပေးရာရောက်ပြီး ပျင်းတတ်တဲ့အကျင့်ဆိုးကို ကျော်လွှားနိုင်ဖို့လည်းကူညီပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar