သင့်အနေနဲ့ ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ် ကိုထိန်းထားနိုင်ဖို့ ဝိတ်ချနည်းမျိုးစုံကို စမ်းလုပ်ကြည့်ဖူးကြမှာပါ။ ထိထိရောက်ရောက်ဝိတ်ချဖို့အတွက်ဆိုရင်တော့ ဘယ်လိုနည်းလမ်းတွေက တကယ်တမ်းအသုံးဝင်နိုင်မလဲဆိုတာကို သိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝိတ်ချမယ့်သူတိုင်း အတွက် ထိရောက်တဲ့အလေ့အကျင့်ကောင်းအချို့ကိုမျှဝေပေးချင်ပါတယ်။

၁။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ကိုယ့်ရဲ့ဝိတ်ကိုထိန်းထားနိုင်ဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့အခါ ဝိတ်အလွယ်တကူပြန်တက်နိုင်တာကြောင့် တစ်ပတ်ကို လေးရက်လောက် ပုံမှန်လုပ်ပေးနိုင်ရင်အကောင်းဆုံးပါ။ ရက်တိုတိုနဲ့ဝိတ်ကျအောင်အပြင်းအထန်လုပ်တာမျိုးထက် ဖြေးဖြေးချင်းပုံမှန် တစ်နေ့ အနည်းဆုံး (၄၅) မိနစ်လောက်အချိန်ပေးပြီးလုပ်သင့်ပါတယ်။ Gym မသွားဖြစ်တဲ့သူတွေအနေနဲ့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ အကြောလျော့ပေးပြီး မိနစ်(၃၀) လောက် Cardio လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။

၂။ အစာစားချိန်တွေကြားမှာ အချိန်တစ်ခုသတ်မှတ်ထားပါ

အစာစားချိန်နှစ်ခုကြားမှာ သုံးနာရီလောက်ခြားထားသင့်ပါတယ်။ ကြားထဲကအချိန်တွေမှာတော့ အသီးနဲ့ အစေ့အစံအချို့ကိုစားသုံးသင့်ပြီး ဝိတ်ချဖို့အတွက်အကောင်းဆုံးအသီးတွေကတော့ ပန်းသီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီးနဲ့ မာလကာသီးတို့ဖြစ်ပါတယ်။

၃။ ရေနဲ့ Green Tea သောက်ပါ

ရေနဲ့ Green Tea မှာ ကယ်လိုရီမပါဝင်ပါဘူး။ အစာမစားခင်အချိန်တွေမှာ ရေများများသောက်ပေးသင့်ပါတယ်။ Green Tea သောက်ခြင်းကလည်း ကိုယ်ခန္ဓာတွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးတော့ အဆီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။

၄။ မနက်စာ၊ နေ့လည်စာနဲ့ ညစာစားသောက်ပုံ

နို့နဲ့ ဒိန်ချဉ်ပါဝင်တဲ့မနက်စာမျိုးစားသုံးသင့်ပြီး မနက်တိုင်းမစားဘဲရှောင်တာမျိုး မလုပ်သင့်ပါဘူး။ နေ့လည်စာကိုတော့ ပရိုတင်းဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသီးအရွက်တွေကိုမျှစားသင့်ပါတယ်။ နေ့လည်ထမင်းစားပြီးချိန်မှာလည်းလှုပ်လှုပ်ရှားရှားနေပေးပါ။ နေ့လည်စာနဲ့ ညစာစားချိန်ကြားမှာ ဗိုက်ဆာတတ်တဲ့သူတွေအနေနဲ့ အသီးတစ်မျိုးမျိုးစားလို့ရပါတယ်။ ညစာကိုတော့ ၈နာရီထက်နောက်မကျဘဲ အဆီနည်းတဲ့ အသီးအရွက်နဲ့ အသားပြုတ်တွေစားသင့်ပါတယ်။

၅။ အချိုများတဲ့သရေစာမုန့်တွေလျှော့စားပါ

အချိုရည်နဲ့ အချိုမုန့်သရေစာတွေခဏခဏစားတတ်တာကလည်း ဝိတ်တက်လွယ်စေပါတယ်။ ဝိတ်ကျဖို့အတွက် အဆီအစိမ့်နဲ့အချိုကိုအတတ်နိုင်ဆုံးရှောင်တာအကောင်းဆုံးပါ။

၆။ ရေခဲရေရှောင်ပါ

အစာကောင်းကောင်းခြေဖျက်နိုင်ဖို့အတွက် အစာအိမ်တွင်းအပူချိန်မြင့်နေဖို့လိုအပ်ပါတယ်။ အစားစားပြီးချိန် ရေခဲရေသောက်တာက အစာချေစနစ်ကိုနှေးသွားစေနိုင်တဲ့အတွက် အစာမကြေတာတွေနဲ့ ဗိုက်ပူလာတာတွေ ဖြစ်နိုင်ပါတယ်။ အဓိကအနေနဲ့ နေ့လည်စာစားပြီးချိန်မှာ ရေခဲရေသောက်တာကိုရှောင်ပေးပါ။

၇။ ဝမ်းပုံမှန်သွားပါ

ကိုယ်ခန္ဓာတွင်းကအဆိပ်အတောက်နဲ့ အပူအပုပ်တွေကိုချေဖျက်နိုင်ဖို့အတွက် ဝမ်းပုံမှန်သွားဖို့လိုပါတယ်။ မနက်တိုင်းပုံမှန်ဝမ်းသွားနိုင်ရင် အကောင်းဆုံးပါ။ ဝမ်းချုပ်တတ်တဲ့သူတွေအနေနဲ့ အမျှင်ဓာတ်ပါတဲ့အစားအသောက်စားပေးပြီး ရေများများသောက်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar