အလုပ်တစ်ခုလုပ်ရင်း ပျင်းလာတဲ့အချိန် အမြဲ လက်က ဖုန်းဆီရောက်သွားတတ်ပါတယ်။ အသစ်အဆန်း အဆန်းအပြားတွေ များပြားလာတဲ့ အချိန်ကာလမှာ အာရုံစိုက်နိုင်စွမ်းတွေ လျော့ကျလာတာကို သင်သတိထားမိမှာပါ။ သင်လိုချင်တဲ့ နေရာကို ရောက်ဖို့ဆိုရင် ဂရုတစိုက် အာရုံစူးစိုက်နိုင်မှ ရမှာပါ။ စိတ်အာရုံစူးစိုက်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပါရစေ-

၁။ ကိုယ့်ခေါင်းထဲ ဘာတွေးနေလဲသိအောင်လုပ်ပါ

သင်က စိတ်ကူးယဉ်သမားလား။ စိတ်က မျောက်တစ်ကောင်လိုပါပဲ။ အတွေးများသူဆိုရင် ပိုဆိုးပါတယ်။ စိတ်အာရုံစုစည်းနိုင်ဖို့ ပထမဆုံး ကိုယ်အခု ဘာလုပ်နေလဲ။ ဘာတွေတွေးနေလဲ သိဖို့လိုပါတယ်။

၂။ အနှောင့်အယှက်တွေကို ဖယ်ရှားပါ

ဒုတိယအဆင့်အနေနဲ့ ကိုယ့်အလုပ်ပတ်ဝန်းကျင်က အာရုံနောက်စရာတွေကို ဖယ်ရှားဖို့ပါပဲ။ သင့်ကွန်ပြူတာထဲက အာရုံနောက်စရာ Website တွေကို Block ထားရပါမယ်။ တီဗီပိတ်ထားရပါမယ်။ ဖုန်းကို ပိတ်ထားတာ ဒါမှမဟုတ် ကိုယ်နဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။

၃။ တစ်လှမ်းစီလုပ်ပါ

အလုပ်လုပ်တဲ့အခါ အမြန်ပြီးချင်ဇောနဲ့ ခွကျော်သွားလို့မရပါဘူး။ တစ်ခါလုပ်ရင် တစ်ခုတည်းလုပ်ပါ။ တစ်ဆင့်ချင်းစီ လုပ်ပေးပါ။ To-Do List ထားပြီး ကိုယ်လုပ်စရာတွေကို ချရေးပြီး တစ်ခုချင်းစီ ပြီးအောင် လုပ်သင့်ပါတယ်။

၄။ လက်ရှိအချိန်မှာနေထိုင်ပါ

သင့်အာရုံကို အတိတ်မှာ ချန်ရစ်ပြီး အတွေးများမနေသင့်ပါဘူး။ မလာသေးတဲ့ အနာဂတ်အတွက်လည်း တွေးပူမနေသင့်ပါဘူး။ လက်ရှိသင်လုပ်နိုင်တာက လက်ရှိအချိန်ကို ထိန်းချုပ်တာပါပဲ။

၅။ စိတ်စုစည်းနိုင်မှု ကို လေ့ကျင့်ပါ

တစ်နေ့မှာ ၁၀ မိနစ်လောက် တိတ်ဆိတ်တဲ့နေရာမှာ ထိုင်ပေးတာကလည်း စိတ်စုစည်းမှု လေ့ကျင့်ရာရောက်ပါတယ်။ တရားထိုင်နိုင်ပါတယ်။

၆။ ခဏတဖြုတ်နားပါ

အချိန်အကြာကြီးအလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကို အကြီးအကျယ်ထိခိုက်စေပါတယ်။ ဒါကြောင့်အလုပ်တစ်ခုလုပ်ပြီးနောက် ခဏတဖြုတ်နားပေးသင့်ပါတယ်။ မိနစ် ၂၀ လုပ်ပြီးနောက် ၅ မိနစ် နားပေးတာမျိုးပါ။ နားပြီးတဲ့အချိန် စိတ်အနည်းငယ်လန်းဆန်းလာတာကို သတိထားမိလာပါလိမ့်မယ်။

၇။ အပေါ်က အချက်တွေကို ပုံမှန်လုပ်သွားပါ

စိတ်အာရုံစူးစိုက်မှု မြင့်တက်ဖို့ အပေါ်မှာ ပြောထားတာတွေကို တစ်ပတ်တည်း လုပ်ရုံနဲ့ တိုးတက်နိုင်မှာမဟုတ်ပါဘူး။ အမြဲပုံမှန်လေ့ကျင့်သွားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar