ကိုယ့်ရဲ့အချစ်ရေးက ဆိုးရွားတဲ့ relationship ဖြစ်နေတယ်ဆိုရင် ဒီ relationship ကနေ ရုန်းထွက်ဖို့အတွက် ပြင်ဆင်သင့်ပါတယ်။ ပြတ်ဆဲလိုက်လို့နာကျင်ရမှာက ခဏပဲဖြစ်မှာပါ။ မပြတ်နိုင်ရင်တော့ ဒီနွံထဲမှာပဲနစ်ပြီး စိတ်ဆင်းရဲနေရမှာပါ။ ဒါကြောင့် ရုန်းထွက်ဖို့ခက်ခဲနေရင် ဒီနည်းလမ်း ၇ ခုနဲ့ ဖြေးဖြေးချင်းစီ ရုန်းထွက်ကြည့်ပါ။

ကိုယ်ပျော်ရွှင်နေရလားဆိုတာပြန်စဉ်းစားပါ

အခုလက်ရှိမှာကော၊ အရင်ကကော ဒီ relationship နဲ့ပတ်သက်ပြီး ပျော်ခဲ့ရလားဆိုတာကို ပြန်စဉ်းစားပါ။ အခုလက်ရှိမှာ အရမ်းစိတ်ဆင်းရဲရတယ်ဆိုရင် ဒီအတိုင်းဆက်နေမှာလား၊ သူများတွေလို ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်ပြီလားဆိုတာကို ကိုယ်တိုင်ပဲရွေးချယ်ပါ။ ကိုယ့်ဘက်က အရမ်းချစ်နေတာမျိုးဆိုရင်တော့ အချိန်ယူပြီး သေချာစဉ်းစားဖို့ လိုပါတယ်။

ရှေ့ဆက်ရင်ကောအဆင်ပြေပါ့မလားစဉ်းစားပါ

တချို့ကျတော့ အရမ်းချစ်တဲ့အတွက် လမ်းခွဲဖို့ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ်က အရမ်းနာကျင်နေရပြီဆိုရင် မြန်မြန် move on လုပ်နိုင်မှ ဖြစ်မှာပါ။ ဒီတော့ သူကကော ကိုယ်ချစ်သလိုချစ်ရဲ့လား၊ ဒီတိုင်းပဲရှေ့ဆက်သွားရင်ကော အဆင်ပြေပါ့မလား၊ ကိုယ်ငိုခဲ့ရတဲ့ရက်တွေ ဘယ်လောက်များနေပြီလဲဆိုတာကို စဉ်းစားမိမယ်ဆိုရင်တော့ ဒီ relationship ကနေ ရုန်းထွက်ချင်လာမှာပါ။

လမ်းခွဲဖို့အတွက်ပြင်ဆင်ပါ

ဒီ relationship ကနေ ရုန်းထွက်ဖို့အတွက် ဆုံးဖြတ်ပြီးပြီဆိုရင်တော့ လမ်းခွဲပြီးတဲ့အခါမှာ ကိုယ်ဘာတွေလုပ်ရမလဲ၊ သူနဲ့ကော ဘယ်လိုလမ်းခွဲပြတ်စဲရမလဲဆိုတာကို သေချာပြင်ဆင်ပါ။ သေချာမပြင်ဆင်ပဲ လမ်းခွဲစကားပြောလိုက်ရင် တစ်ဖက်လူက မပြတ်ပေးတဲ့အခါ ပိုစိတ်ဆင်းရဲရမှာပါ။ ဒါကြောင့် သေချာပြင်ဆင်ပါ။

သေချာလမ်းခွဲပြတ်စဲပါ

တစ်ဖက်လူနဲ့ သေချာပြောဆိုပြီး လမ်းခွဲပါ။ ပြီးပြီးရောစာတစ်ကြောင်းပို့ ပြတ်စဲတာထက်စာရင် မျက်နှာချင်းဆိုင်ရှင်းတာပဲဖြစ်ဖြစ်၊ ဖုန်းဆက်ရှင်းတာပဲဖြစ်ဖြစ် လုပ်တာက ပိုကောင်းပါတယ်။ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာဆိုရင်တော့ နှစ်ယောက်လုံးအတွက် ပိုကောင်းပါတယ်။

သူငယ်ချင်းတွေနဲ့စကားပြောပါ

လမ်းခွဲပြီးပြီးချင်းမှာ ချစ်တဲ့သူကတော့ ခံစားရပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်ထဲခံစားနေမယ့်အစား ကိုယ်အရမ်းခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ။ စကားပြောပါ။ ရင်ဖွင့်ပါ။ သူတို့နဲ့တွေ့ပါ။ ဒီလိုလုပ်ပေးခြင်းက ခံစားနေရတာတွေ ပေါ့သွားပြီး မြန်မြန်မေ့ပစ်နိုင်ပါတယ်။

ရှေ့ဆက်ဖို့အတွက်စဉ်းစားပါ

မြန်မြန် move on လုပ်နိုင်ဖို့အတွက် အားလုံးကိုလွှတ်ချခဲ့လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားပါ။ ကြေကွဲဝမ်းနည်းနေမယ့်အစား ကိုယ်လုပ်ချင်တာလုပ်ပြီးနေပါ။ ကိုယ်ဝါသနာပါတာတွေကို ရှာဖွေပြီးလုပ်ကြည့်ပါ။

ကိုယ့်ကိုယ်ကိုပိုချစ်ပါ

ကိုယ့်ကိုယ်ကိုပိုချစ်ပြီး ပိုဂရုစိုက်ပေးပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး ဘာကိုမှစဉ်းစားမနေပဲ ကိုယ်စိတ်ချမ်းသာမယ်ထင်တာတွေ၊ ပျော်မယ်ထင်တာတွေကို လုပ်ပြီးတော့သာနေပါ။