သင်က လက်ရှိမှာ ပြဿနာတစ်ခု ဒါမှမဟုတ် ကိစ္စ တစ်ခုခုမှာ ဘယ်လို ဖြေရှင်းရမှန်းမသိ၊ ပိတ်မိနေမယ်ဆိုရင် ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ဓာတ်ကျနေတယ်ဆိုရင်တောင် ဖော်ပြပါ နည်းလမ်းတွေက သင့်ကို အားပြန်တက်အောင် ကူညီပေးပါလိမ့်မယ်။ ပြန် အလုပ်လုပ်ချင်စိတ်ဖြစ်ခြင်းက ပုံစံ အမျိုးမျိုးနဲ့ ပေါ်လာတတ်ပါတယ်။ ဒီတော့ ပြန်ပေါ်လာစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ Comfort Zone ထဲကနေ ရုန်းထွက်ပါ

ဘဝမှာ ရှိရင်းစွဲ နေရာမှာပဲ နေသားကျသွားတဲ့အခါ စိတ်အားထက်သန်မှုက ပျောက်ကွယ်သွားတတ်ပါတယ်။ နေ့တိုင်း စိတ်ဖိစီးမှု တစ်ခုကတော့ ရှိစမြဲပါပဲ။ တစ်နေ့တာမှာ ကိုယ်လုပ်နေကျ မဟုတ်တဲ့ အလုပ်တစ်ခုကို လုပ်သင့်ပါတယ်။ ကိုယ့်ကို သက်တောင့်သက်သာ မဖြစ်စေတဲ့ အလုပ်ဆိုရင် ပိုကောင်းပါတယ်။

၂။ ကိုယ်လုပ်နေကျ အရာတွေကို ပြောင်းလဲပါ

ဒီတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ လုပ်ရတဲ့အခါ အလုပ်လုပ်ချင်စိတ် ပျောက်လာတတ်ပါတယ်။ ဒီလို မဖြစ်ရအောင် အရင် လုပ်နေကျနဲ့ မတူဘဲ ပြောင်းလဲကာ လုပ်ကြည့်သင့်ပါတယ်။ ဒီလို ဆိုရင် အခြေအနေအသစ်၊ အချိန်အခါ အသစ်တွေကို ကြုံတွေ့ပြီး အလုပ် ပြန်လုပ်ချင်လာတတ်ပါတယ်။

၃။ အတွေးအသစ်တွေကို ဖိတ်ခေါ်ပါ

အလုပ်တစ်ခုကို လုပ်တာ ကြာလာတဲ့အခါ ပျင်းရိငြီးငွေ့လာတတ်ပါတယ်။ ဒီအလုပ်အပေါ် သင့်အပေါင်းအသင်းတွေရဲ့ အမြင်သစ်တွေပါ ပေါင်းထည့်သင့်ပါတယ်။ ဒီလိုဆိုရင် အတွေးသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။

၄။ ကလေးတစ်ဦးနဲ့ အချိန်ကုန်ဆုံးပါ

ကလေးလေးတွေက ထိန်းရတာခက်ပေမယ့် အပြစ်ကင်းစင်ပြီး ပျော်ပျော်နေတတ်သူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ တူလေး ဒါမှမဟုတ် တူမလေးကို ခဏတဖြုတ် ခေါ်ထုတ်ကာ သူတို့နဲ့ အချိန်ကုန်ဆုံးသင့်ပါတယ်။ ကလေးလေး ပျော်နေတာကို ကြည့်တာနဲ့တင် သင် အားအင် အသစ်တွေ ပြန်ရလာပါလိမ့်မယ်။

၅။ အသစ်အသစ်တွေကို စမ်းလုပ်ပါ

အပေါ်မှာ ပြောခဲ့သလိုပဲ ထပ်ခါ ထပ်ခါ လုပ်ရတဲ့အခါ ငြီးငွေ့ဖွယ် ကောင်းလှပါတယ်။ အသစ်အသစ်တွေကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ ပျင်းတာတွေ ပျောက်ပြီး Inspiration ပေါ်လာတတ်ပါတယ်။

၆။ သဘာဝက လမ်းပြခေါ်ဆောင်သွားပါစေ

သဘာဝတရားက သင့်ကို အတွေးသစ်တွေ ပေးစွမ်းနိုင်ပါတယ်။ သင်က အပြင်မထွက်နိုင်ရင်တောင် သင့် Computer Background ကို အပင်ပုံတွေ၊ စိမ်းလန်းတဲ့ ရှုခင်းပုံတွေ ရှာဖွေပြီး ပြောင်းလဲနိုင်ပါတယ်။

၇။ တရားထိုင်ပါ

တရားထိုင်တာက နည်းလမ်းဟောင်းတစ်ခု ဖြစ်ပေမယ့် သင့်စိတ်ကို ပြန်လည် ကြည်လင်စေပါတယ်။ စိတ်ရှင်းသွားတဲ့အခါ ပိုတွေးနိုင်ပြီး ပိုတည်ငြိမ်သွားပါတယ်။ ယောဂ ကျင့်တာ၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာ စတာတွေကို လုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar