မင်္ဂလာပါနော်။ ဗိုက်၊ လက်မောင်း၊ ပေါင်စတဲ့ ခန္ဓာကိုယ်ရဲ့ အဆီစုများတဲ့နေရာတွေမှာ အဆီပိုတွေရှိနေသလို ခံစားရလို့ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ နည်းတွေကို လိုက်လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီပိုတွေရှိနေတာက ကျန်းမာရေးပြဿနာတွေ ပိုဖြစ်တတ်တဲ့အပြင် လှုပ်ရှားရလည်း လေးလံစေနိုင်တာမို့ ကျန်းမာရေးနဲ့ညီတဲ့ အလေ့အကျင့်တွေမွေးပြီး ပြောင်းလဲပေးတာ အကောင်းဆုံးပါပဲ။ ဖော်ပြထားတဲ့နည်းလမ်းတွေက သင့်ကို လိုချင်တဲ့ဝိတ်ထိန်းထားနိုင်ရုံတင်မက ကိုယ်တွင်းအဆီပမာဏ ကျဆင်းစေဖို့အတွက်ပါ ကူညီပေးမှာပါ။

မျှတတဲ့စားသောက်ပုံ


လိုအပ်တဲ့အာဟာရဓာတ်တွေကို သူ့ပမာဏနဲ့သူ မျှတအောင်စားပေးဖို့က ဝိတ်ချမယ့်သူတိုင်းအတွက် အရေးကြီးပါတယ်နော်။ အသီးအရွက်၊ ပရိုတင်းနဲ့ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေကို တစ်နေ့တာ မပါမဖြစ်စားသုံးပေးပါ။ ကျန်းမာရေးနဲ့မညီတဲ့ အသင့်စားနဲ့ အချိုများတာတွေကိုတော့ တတ်နိုင်သလောက်ရှောင်ဖို့လိုပါတယ်။ တစ်နေ့မှာ ကိုယ်စားလိုက်တဲ့ ကယ်လိုရီပမာဏကို သိထားတာကလည်း သင့်ကိုမျှတတဲ့စားသောက်ပုံမျိုးရှိဖို့ ကူညီပေးပါလိမ့်မယ်။

လှုပ်လှုပ်ရှားရှားနေပါ


အဆီကျဖို့အတွက် အစားအသောက်ရှောင်တာအပြင် ကိုယ်စားလိုက်တဲ့ ကယ်လိုရီတွေလောင်ကျွမ်းနေဖို့ လိုတာမို့ လှုပ်လှုပ်ရှားရှားနေဖို့လည်း အရေးကြီးပါတယ်။ ခုန်ပေါက်ရတဲ့လေ့ကျင့်ခန်း၊ အလေးမ လေ့ကျင့်ခန်းစတာတွေကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး ပုံမှန်လုပ်ပေးပါ။ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာစတဲ့ မဖြစ်မနေလှုပ်ရှားရတဲ့အရာတွေကို အကျင့်လုပ်ပေးပါ။

နည်းနည်းချင်းစီစားပါ


ဘာပဲစားစား တစ်ကြိမ်ထဲနဲ့ အများကြီးစားလိုက်တာက ဝိတ်တက်ဖို့ပိုလွယ်ပါတယ်။ နည်းနည်းချင်း ခပ်ဖြေးဖြေးစားတဲ့အကျင့်လုပ်ပေးပါ။ ဒါကသင့်ကို လိုတာထက်ပိုမစားမိအောင် ထိန်းပြီးသားဖြစ်တဲ့အပြင် အစာလည်းကြေတာမို့ အဆီသိပ်မတက်စေပါဘူး။

ရေဓာတ် ပုံမှန်ဖြည့်ပါ


ရေများများသောက်လေ အဆီလောင်ကျွမ်းလွယ်လေ ဖြစ်တာမို့ ရေခဏခဏသောက်ပေးဖို့ မမေ့ပါနဲ့။ တစ်ခါတစ်ရံ ဗိုက်ဆာတာက ရေဆာတာနဲ့ ရောနေတတ်တာမို့ သင့်အနေနဲ့ ဗိုက်ဆာလာသလို ခံစားရရင် အရင်ဆုံး ရေသောက်ချကြည့်လိုက်ပါ။ ရေဓာတ်ပြည့်ပြီး အစာခံစေပါလိမ့်မယ်။

အိပ်ချိန်မှန်ဖို့လိုပါတယ်


အဆီကျဖို့အတွက် အိပ်ချိန်ကလည်း အရေးကြီးပါတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်မှာဟော်မုန်းမညီတော့တာမို့ ဒါကတစ်ဆင့် စားချင်စိတ်ပိုဖြစ်တာ၊ အဆီနဲ့အချိုတွေပိုစားတာမျိုး ဖြစ်လာတတ်ပါတယ်။

စားတဲ့အပေါ်အာရုံစိုက်ပါ


မလိုအပ်ဘဲ အလွန်အကျွံမစားမိဖို့ ကိုယ်စားလိုက်တဲ့ အစားအသောက်အပေါ် အာရုံစိုက်ဖို့ မမေ့ပါနဲ့နော်။ TV နဲ့ ဖုန်းကြည့်ရင်း စားတာမျိုး မလုပ်မိအောင်ရှောင်ပေးပါ။

Stress နည်းနိုင်သမျှနည်းအောင်နေပါ


Stress ကြောင့် စိတ်လိုက်မာန်ပါ စားမိတာမျိုးဖြစ်တတ်လို့ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပေးပါနော်။ သင်က Stress များတတ်တဲ့သူဆိုရင် စိတ်ဖိစီးမှုလျှော့ချပေးနိုင်တဲ့ တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ ကိုယ်ဝါသနာပါတာ တစ်ခုခုလုပ်တာမျိုး လေ့ကျင့်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar