ပျိုမေတို့မင်္ဂလာပါနော်။ ဝိတ်ချဖို့ကြိုးစားနေကြတဲ့ပျိုမေတို့အနေနဲ့ ဝိတ်ကျလာပေမယ့် ကိုယ့်အသားအရေက ပုံမှန်ထက်ပိုပျော့တွဲပြီး တင်းရင်းမှုမရှိတော့သလိုဖြစ်တတ်တဲ့သူတွေရှိလား။ ဒီလိုကိုယ်လိုချင်တဲ့ဝိတ်ရပြီး ပိန်သွားပေမယ့် ကျစ်ကျစ်လျစ်လျစ်မရှိဘဲ အသားပိုတွေထွက်နေသလိုမခံစားရစေဖို့ဆိုရင် သင့်အနေနဲ့ ဝိတ်ချတဲ့အခါ အသားအရေကိုပါ တင်းရင်းနေစေဖို့ မှန်ကန်တဲ့ထိန်းသိမ်းမှုနည်းလမ်းတွေသိထားဖို့လိုပါတယ်။

ဒီတစ်ခေါက်မှာ ဝိတ်ချနေတဲ့ပျိုမေတို့သတိထားနိုင်ဖို့ ဝိတ်ကျပြီးနောက်မှာလည်း အသားအရေတင်းရင်းမှုမလျော့အောင် ပြုလုပ်ပေးသင့်တဲ့အရာတွေအကြောင်းကိုပြောပြပေးလိုက်ပါတယ်။

၁။ ဝိတ်အမြန်ချတာမျိုးကိုရှောင်ပေးပါ


အသားလျော့တွဲခြင်းမဖြစ်စေဖို့ ပထမအရေးအကြီးဆုံးအချက်တွေထဲကတစ်ခုကတော့ တစ်ခါထဲနဲ့ ဝိတ်အမြန်ချတာမျိုးမလုပ်မိဖို့ပါပဲ။ ဒါကကျန်းမာရေးကိုထိခိုက်စေရုံမကဘဲ အသားတွဲကျပြီး အသားပိုတွေကျန်ခဲ့တတ်ပါတယ်။ ဝိတ်လည်းကျ အသားအရေလည်းတင်းရင်းနေဆဲဖြစ်အောင် ဖြေးဖြေးချင်းပုံမှန်ချတဲ့နည်းကိုသာ အသုံးပြုသင့်ပါတယ်။

၂။ နေပူထဲအရမ်းမထွက်မိအောင်လည်း သတိထားဖို့လိုပါတယ်


နေပူပူထဲအကြာကြီးနေတာမျိုးကလည်း အသားအရေကို အိုမင်းရင့်ရော်လာစေတဲ့အပြင် အသားတွဲကျစေတတ်တဲ့ သက်ရောက်မှုပါရှိတတ်ပါတယ်။ ဒါကြောင့် နေပူထဲအမိုးမပါဘဲ ထွက်တာမျိုးကိုရှောင်ပေးပါ။ အထူးသဖြင့် ခန္ဓာကိုယ်အပြောင်းအလဲအဖြစ် ဝိတ်ချနေတဲ့သူတွေအနေနဲ့ ကိုယ့်အသားအရေကို ပုံမှန်ထက်ပိုဂရုစိုက်ပေးဖို့မမေ့သင့်ပါဘူး။

၃။ ဆားပါဝင်တဲ့ Scrub တွေတိုက်ပေးပါ


သိပ္ပံနည်းအရ ပင်လယ်ဆားပါဝင်တဲ့ Scrub တွေနဲ့တိုက်ပေးတာက သွေးလည်ပတ်မှုကိုမြှင့်တင်ပေးတဲ့အပြင် အသားအရေကျုံ့ဆန့်အား လည်းကောင်းစေတယ်လို့ပြောကြပါတယ်။ တင်းရင်းတဲ့အသားအရေကိုပိုင်ဆိုင်ဖို့ တစ်ပတ်သုံးကြိမ်အနည်းဆုံးလောက် Sea Salt ပါဝင်တဲ့ Scrub တိုက်ကြည့်ပါ။

၄။ Weight Training လေ့ကျင့်ခန်းတွေပြုလုပ်ပါ


အလေးမလေ့ကျင့်ခန်းတွေလို အနည်းငယ်ပြင်းထန်တဲ့ ကြွက်သားလေ့ကျင့်ခန်းတွေကလည်း ဝိတ်ချတဲ့အခါ Diet နဲ့တွဲလုပ်ပေးသင့်တဲ့အရာတွေဖြစ်ပြီး ဒါကသင့်ကိုထွေထွေထူးထူးပြုပြင်စရာမလိုဘဲ အသားကျစ်လျစ်နေစေဖို့ ထောက်ပံ့ပေးရာရောက်မှာပါ။

၅။ ရေဓာတ်ပြည့်ဝအောင်နေပါ


တစ်နေ့ရေရှစ်ခွက်လောက်သောက်ပေးတာက ဝိတ်ချပြီး လေ့ကျင့်ခန်းလုပ်နေရတဲ့သင့်ကို ရေဓာတ်မဆုံးရှုံးစေဖို့ ကာကွယ်ပေးနိုင်သလို အသားအရေ Glow ပြီး တင်းတင်းရင်းရင်းလေးပါ ဖြစ်နေစေပါတယ်။ ရေသောက်ခြင်းကြောင့် အသားတင်းရင်းပြီး အစိုဓာတ်ပြည့်ဝနေတာက ချက်ချင်းမသိသာတတ်ပေမယ့် အကျင့်ရသွားတဲ့အခါ တဖြည်းဖြည်းထိရောက်လာတဲ့ရလဒ်ကို တွေ့ရပါလိမ့်မယ်။

၆။ အဆီနည်းတဲ့ Protein အစားအစာတွေမှီဝဲပါ


အဆီနည်းပြီး Protein ဓာတ်များတဲ့အစားအစာတွေ ဥပမာ Greek ဒိန်ချဉ်၊ ပဲစေ့အမျိုးမျိုး၊ အဆီထုတ်ထားတဲ့ ဒိန်ခဲပျော့၊ တို့ဟူး၊ ပဲပြားနဲ့ ကြက်ဥစတာတွေက ခန္ဓာကိုယ်ကျစ်လျစ်ကာ ကြွက်သားတည်ဆောက်မှု ကောင်းစေပြီး သူ့မှာပါတဲ့ အာဟာရနဲ့ Collagen ဓာတ်က အသားအရေ Elastic ဖြစ်စေဖို့ပါ ကူညီပေးမှာပါ။

၇။ ယောဂကျင့်ပါ


ယောဂကျင့်စဉ်တွေက စိတ်ဖိစီးမှုလျှော့ချပေးနိုင်သလို ဝိတ်ကျပြီး ခန္ဓာကိုယ်အကြောတွေပါပျော့စေတဲ့အပြင် အသားအရေ တင်းရင်းနေဖို့ပါ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားတွဲကျတာမျိုးမဖြစ်ရအောင် တတ်နိုင်သလောက် ယောဂလေ့ကျင့်ခန်းအချို့လေ့ကျင့်ပြီး ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar