ပျိုမေတို့အားလုံးပဲမင်္ဂလာပါ။ အခုတလောမှာ ဆံပင်အရောင်တွေကို ဆိုင်မှာသွားဆိုးတာအပြင် ကိုယ်တိုင်အိမ်မှာဆိုးနိုင်တဲ့ ဆိုးဆေးတွေလည်း ခေတ်စားလာပြီဖြစ်လို့ အရောင်ပြောင်းပြီးနောက် ဆံသားပြန်လည်ထိန်းသိမ်းနည်းတွေကိုပါ သိထားဖို့လိုပါတယ်နော်။ ဆိုးဆေးနဲ့ထိထားပြီးတဲ့ ဆံသားက သေချာပြန်ဂရုမစိုက်တဲ့အခါ အနည်းနဲ့အများ ခြောက်သွေ့ပျက်စီးတာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆေးဆိုးထားတဲ့ဆံသားကို ဈေးအသင့်အတင့်နဲ့ ကိုယ်တိုင်ပြန်လည်ဂရုစိုက်နိုင်မယ့် နည်းလမ်းတွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

၁။ ဆေးဆိုးထားပြီးနောက်သုံးရက်အထိခေါင်းမလျှော်ဘဲနေပေးပါ


ဆိုးဆေးတွေမှာပါဝင်တဲ့ Chemical တွေက ဆံသားအရင်းအရေပြား အပေါက်ကျယ်စေပြီး ပျက်စီးလွယ်တာကြောင့် သင့်အနေနဲ့ ဆံသားအရောင်ပိုခံစေဖို့ သုံးရက်အထိနေသားကျအောင်ထားပြီးမှ ခေါင်းလျှော်ပေးသင့်ပါတယ်။

၂။ သဘာဝနည်းလမ်းတွေသုံးပြီး ပေါင်းတင်နိုင်ပါတယ်


အရောင်ဆိုးထားတဲ့ဆံသားကို ခေါင်းလျှော်တဲ့အခါ ပေါင်းဆေးပုံမှန်သုံးပေးဖု့ိလိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ ခေါင်းလျှော်ပြီးနောက်မှာလည်း သင့်ဆံသားကကြမ်းနေပါလိမ့်မယ်။ ဆေးဆိုးလိုက်တဲ့အခါ ဆံသားအတွင်း ပရိုတင်းဓာတ်လျော့နည်းသွားနိုင်တာကြောင့် တစ်ပတ်တစ်ခါလောက် ပရိုတင်းပါတဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ပေးသင့်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ ကြက်ဥနဲ့ ဆံသားအထုံးတွေသက်သာစေပြီး ပျော့ပြောင်းစေတဲ့ Mayo တို့ရောပြီး ဆံသားထိပ်တွေအထိလိမ်းကာ ပေါင်းတင်ပေးပါ။ မိနစ်လေးဆယ်ခန့်ထားပြီးနောက် ခေါင်းပြန်လျှော်နိုင်ပါတယ်။

၃။ အပူအရမ်းများတဲ့အရာတွေနဲ့ထိတွေ့ခြင်းကိုရှောင်ပေးပါ


နေရောင်ခြည်၊ ရေအပူစတာတွေနဲ့ထိတွေ့တာကလည်း ဆံသားပျက်စီးပြီး အရောင်ပျံ့လွယ်ပါတယ်။ အပူများတဲ့ဆံသားပုံသွင်းပစ္စည်းတွေကိုလည်းရှောင်သင့်ပြီး ပုံသွင်းဖို့အတွက် Hairspray နဲ့ Hair Serum တွေကိုအသုံးပြုပေးသင့်ပါတယ်။

၄။ ခဏခဏခေါင်းလျှော်ခြင်းကိုလည်း ရှောင်သင့်ပါတယ်

မကြာခဏ ခေါင်းလျှော်တာက ဆံသားခြောက်သွေ့လာစေတဲ့အပြင် အရောင်လည်းပျံ့လွယ်ပါတယ်။ ဒါကြောင့် ခေါင်းခဏခဏလျှော်ခြင်းကိုရှောင်ပြီး အနံ့မထွက်အောင်ထိန်းထားနိုင်ဖို့ Dry Shampoo တွေ အသုံးပြုနိုင်ပါတယ်။

၅။ ဆံသားအတွက်အကျိုးပြုတဲ့ အစားအသောက်တွေစားပေးပါ


ကျန်းမာတဲ့စားသောက်ပုံကလည်း သင့်ဆံသားကိုအားဖြည့်ပေးနိုင်တာကြောင့် သံဓာတ်နဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကိုမျှတအောင်စားဖို့လိုပါတယ်။ ဥပမာ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းနုနွယ်ရွက်စတာတွေကိုစားပေးပါ။ ဒါက သင့်ကိုဆံပင်သန်စေပြီး ဦးရေပြားကျန်းမာလာစေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

၆။ အရောင်ပိုတောက်စေဖို့ Hot Oil Treatement ပြုလုပ်နိုင်ပါတယ်


Hot Oil Treatement ကလည်း အိမ်မှာကိုယ်တိုင်လုပ်ရလွယ်ပြီး ဆေးဆိုးထားတဲ့ဆံသားကို အရောင်တောက်စေဖို့ကူညီပေးနိုင်ပါတယ်။ Oil တွေမှာ သင့်ဆံသားကိုအစိုဓာတ်ရစေပြီး အပူဒဏ်ကနေကာကွယ်ပေးနိုင်တဲ့အာနိသင်တွေပါဝင်တာကြောင့် အုန်းဆီ (သို့) သံလွင်ဆီကို စက္ကန့်အနည်းငယ်ကြာ နွေးတဲ့အထိအပူပေးပြီး ဦးရေပြားကနေ ဆံသားအဖျားအထိနှံ့အောင်လိမ်းပေးပါ။ ပြီးနောက် Shower Cap နဲ့အုပ်ထားပြီး မိနစ် ၃၀ မှ ၄၅ အထိထားနိုင်ပါတယ်။ ပြီးနောက် ရေအေးအေးနဲ့ခေါင်းပြန်လျှော်ပေးပါ။ ဒီနည်းကို တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။

၇။ ဆိုးဆေးကြောင့် ပျက်စီးလာတဲ့ဆံသားကို အဖျားပုံမှန်တိပေးဖို့မမေ့ပါနဲ့


အရောင်ဆိုးထားတဲ့ဆံပင်အဖျားတွေက ဖွာပြီး နှစ်ခွဖြစ်လွယ်၊ ပျက်ကျလွယ်ကြောင့် ဆံသားအဖျားတွေကို ပုံမှန်တိပေးဖို့လိုပါတယ်။ ဒါကဆံပင်အကျွတ်များခြင်းနဲ့ ဆံသားပျက်စီးခြင်းကိုလျှော့ချပေးပြီး ဆံပင်အရှည်မြန်လာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar