မိုးများပြီး စိုစွတ်တဲ့ရာသီမှာတော့ ရေစိုခံမိတ်ကပ်နဲ့ Mascara တွေက အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် ဒီလိုမိတ်ကပ်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ဘေးထွက်ဆိုးကျိုးက ပျိုမေတို့ရဲ့အသားအရေကိုပြန်ပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ရေစိုခံမိတ်ကပ်သုံးတတ်တဲ့သူတွေ အသားအရေမပျက်စီးစေဖို့ သတိထားပြုလုပ်ပေးရမယ့် ထိန်းသိမ်းနည်းတွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။
၁။ မျက်နှာပုံမှန်သန့်စင်ပါ
မိတ်ကပ်၊ ဖုန်နဲ့အညစ်အကြေးအကြွင်းအကျန်တွေမရှိစေဖို့ မျက်နှာကို ပုံမှန်သန့်စင်ပေးခြင်းက အရေးအကြီးဆုံးပါပဲ။ စိုစွတ်လွယ်တဲ့ရာသီတွေမှာ Cleanser အပျော့အသုံးပြုပြီး တစ်နေ့သုံးကြိမ်ခန့် မျက်နှာသစ်ပေးသင့်ပါတယ်။
၂။ Toner ပုံမှန်သုံးပါ
Toner ကမိတ်ကပ်ကြောင့်ဖြစ်တတ်တဲ့ အရေပြားချွေးပေါက်ပိတ်ခြင်းကိုသက်သာစေတဲ့အပြင် အသားအရေကိုပါကြည်လင်တောက်ပလာစေပါတယ်။ ဒါကြောင့် အရေပြားအစိုဓာတ်ထိန်းပေးနိုင်တဲ့ Toner တစ်မျိုးကိုပုံမှန်သုံးပေးပါ။
၃။ Moisturiser အသုံးပြုဖို့လည်းမမေ့ပါနဲ့
မိတ်ကပ်နဲ့ စိုစွတ်တဲ့ရာသီရဲ့လေထုကြောင့် အရေပြားအတွက်လိုအပ်တဲ့ သဘာဝအဆီဓာတ်တွေဆုံးရှုံးပြီး အသားအရေခြောက်သွေ့လာနိုင်ပါတယ်။ ဒီလိုအခြေအနေကိုပြန်လည်သက်သာဖို့အတွက် Moisturiser ပုံမှန်သုံးပေးဖို့လိုပါတယ်။ Cream အမျိုးအစားထက် ပေါ့ပေါ့ပါးပါးဖြစ်တဲ့ Gel အမျိုးအစား Moisturiser တွေကို အသုံးပြုဖို့အကြံပြုချင်ပါတယ်။
၄။ Exfoliate ပုံမှန်လုပ်ပေးပါ
ဆဲလ်သေနဲ့အညစ်အကြေးတွေဖယ်ရှားနိုင်ဖို့ Exfoliate ကိုတစ်ပတ်တစ်ခါပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ မျက်နှာချေးချွတ်တာက အသားအရေကြည်လင်ပြီး အရေးအကြောင်းတွေကိုပါလျော့ချပေးနိုင်ပါတယ်။ အရေပြားကိုထိခိုက်မှုမရှိတဲ့ Exfoliate ထုတ်ကုန်အပျော့ကို အသုံးပြုပေးပါ။ Exfoliate ခဏခဏလုပ်တဲ့အခါမှာ အသားပါးပြီး ချွေးပေါက်ကျယ်တတ်တာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး မပြုလုပ်မိအောင်တော့ သတိထားဖို့လိုပါတယ်။
၅။ Sunscreen လိမ်းပြီးကာကွယ်ပါ
အသက်အရွယ်မရွေး ရာသီဥတုမရွေး Sunscreen သုံးဖို့အရေးကြီးပါတယ်။ အဓိကအနေနဲ့ Scrub လုပ်ပြီးတဲ့အချိန်တွေမှာ အရေပြား Sensitive ဖြစ်နေတတ်တာကြောင့် နေမလောင်ရအောင် Sunscreen လိမ်းထားဖို့လိုပါတယ်။ သင့်အသားအရေနဲ့အဆင်ပြေပြီး အစိုဓာတ်ရစေမယ့် Sunscreen မျိုးကိုပုံမှန်အသုံးပြုပေးပါ။
၆။ ရေများများသောက်ပါ
ငွေကုန်သက်သာတဲ့ အသားအရေထိန်းသိမ်းနည်းကတော့ ရေများများသောက်ခြင်းပါပဲ။ တစ်နေ့ပျမ်းမျှ ရေနှစ်လီတာသောက်တာက ကိုယ်ခန္ဓာတွင်းအဆိပ်အတောက်ပျယ်ပြီး အသားအရေကို စိုပြေတင်းရင်းစေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar