များသောအားဖြင့် မိန်းမကိုယ်က အနံ့အနည်းငယ်ရှိပေမယ့် အစားအသောက်၊ အနေအထိုင် ၊ တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်နဲ့ အဝတ်အစားတို့ပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ဒါပေမယ့် သာမာန်ထက် ပိုပြီးအနံ့ပြင်းနေရင်တော့ ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကနေအနံ့ဆိုးမထွက်အောင် ဒီအချက်များကို လိုက်နာပါ။

ဆီးသွားပြီးတိုင်းဆေးပါ

ဆီးသွားပြီးတိုင်း ဆေးပါ။ ဆီးကြောင့် တစ်ခါတစ်လေမှာ အနံ့ဆိုးထွက်နိုင်တာမလို့ ရေနဲ့ဆေးကြောတာက အနံ့ဆိုးထွက်တာကို သက်သာစေပါတယ်။ ဒါပေမယ့် ဆေးတဲ့အခါ အနံ့မပြင်းတဲ့ဆပ်ပြာကို သုံးပါ။ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် ရှေ့ကနေနောက်ကို သုတ်ဖို့ အမြဲသတိရပါ။

ရေဓါတ်ထိန်းပါ

ရေဓာတ်ပြည့်ဝတာက ကျန်းမာရေးအတွက်သာမက အင်္ဂါအနံ့ကိုပါ ကောင်းကျိုးဖြစ်စေပါတယ်။ လုံလောက်တဲ့ရေပမာဏကိုသောက်ပေးရင် မိန်းမကိုယ်တစ်ရှူးများအပါအဝင် ခန္ဓာကိုယ်ရဲ့ သဘာဝအရည်များ မျှတမှုကိုထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ရှစ်ခွက်သောက်ပါ။

အတွင်းခံနေ့တိုင်းလဲပါ

သန့်ရှင်းတဲ့ အတွင်းခံဘောင်းဘီကို နေ့တိုင်းလဲပေးတာက အနံ့ဆိုးတွေကို လျော့ပါးစေပါတယ်။ အစိုဓာတ်ကို ဖယ်ရှားပြီး ချည်လို လေဝင်လေထွက်ကောင်းစေတဲ့ သဘာဝအထည်များကို ရွေးချယ်ပါ။

ရေချိုးပါ

ချွေးထွက်များတဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်များတာနဲ့အမျှ မိန်းမကိုယ်ကလည်း အနံ့ပြင်းလာနိုင်တာမလို့ ချွေးထွက်များတဲ့လှုပ်ရှားမှုမျိုးလုပ်ပြီးတိုင်း ရေချိုးဖို့ မမေ့ပါနဲ့။

Internal Menstruation Products များသုံးပါ

တချို့အမျိုးသမီးတွေမှာ ဓမ္မတာလာချိန်ဆို မိန်းမကိုယ်ကနေ အနံ့ဆိုးထွက်တတ်ပါတယ်။ ဒီလို ရာသီလာခြင်းကြောင့် ဖြစ်တဲ့ မိန်းမကိုယ်အနံ့ဆိုးကို လျှော့ချဖို့ Internal Menstruation Products များသုံးကြည့်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပါ

ရာသီလာစဉ် တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာထိန်းသိမ်းဖို့လိုအပ်ပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းများကို ပုံမှန်လဲပါ။ အတွင်းခံဘောင်းဘီအတွက် လေဝင်လေထွက်ကောင်းတာကို ရွေးပါ။ မိန်းမကိုယ်ကို ဆပ်ပြာအပျော့စားနဲ့ ရေနဲ့ သန့်ရှင်းရေးလုပ်ပေးပါ။ ဒါကိုမှ ဆက်တိုက်အနံ့ဆိုးများထွက်နေရင်တော့ ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။

အစားအသောက်ဆင်ခြင်ပါ

သကြားဓာတ်များတဲ့ အစားအစာတွေ ၊ ပြင်ဆင်ထားတဲ့အစားတွေက ခန္ဓာကိုယ်ရဲ့ pH ကို မညီမျှစေဘဲ မိန်းမကိုယ်အပါအဝင် ခန္ဓာကိုယ်ရဲ့အနံ့အသက်ဆိုးကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီတဲ့ အစားအစာများကို ရွေးစားပါ။