ပျော့ပြောင်းသန်စွမ်းတဲ့ ဆံကေသာလေးပိုင်ဆိုင်ဖို့က ပျိုမေတိုင်းရဲ့အိပ်မက်ပါပဲ။ တောက်ပပြီး အားပြည့်နေတဲ့ ဆံပင်အုံထူထူတွေက လူအများကြားမှာ အမြဲထင်ပေါ်နေတတ်ပါတယ်။ သင်ကအခုတစ်လော ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာလို့ စိတ်ညစ်နေတဲ့သူဆိုရင် ဆံသားပြန်လည်သန်စွမ်းဖို့အတွက် မှန်ကန်တဲ့အချက်တွေကို လိုက်နာဖို့လိုပါတယ်။ ဒီတော့ အခုတစ်ခေါက်မှာ Hair Stylist အချို့ကပါ အကြံပြုထားတဲ့ ဆံပင်သန်စေဖို့ ပြုလုပ်သင့်တဲ့ အချက်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ မကြာခဏခေါင်းဖြီးခြင်းကိုရှောင်ပါ


မကြာခဏခေါင်းဖြီးတာက ထုံးနေတဲ့ဆံပင်တွေကိုရှင်းသွားစေပေမယ့် ဆံပင်အကျွတ်မြန်ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ဆံပင်ပြတ်ကျခြင်းတွေ ဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် ခဏခဏခေါင်းဖြီးတာမျိုးကို ရှောင်ပါ။ အသွားကျဲတဲ့ခေါင်းဖြီးတွေကိုအသုံးပြုပေးပြီး ခေါင်းမဖြီးခင် ညှိနေတဲ့ဆံပင်အထုံးတွေကို ရှင်းရလွယ်စေမယ့် Spray ဒါမှမဟုတ် Dry Conditioner ကို ဆံပင်အဖျားပိုင်းတွေမှာ အရင်ဆုံးဖြန်းပြီး အသုံးပြုပေးဖို့လိုပါတယ်။

၂။ Mint အာနိသင်ပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးကိုအသုံးပြုပါ


Mint လိုမျိုးပူရှိန်းရှိန်းအာနိသင်ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေက ဆံပင်အရှည်မြန်လာစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါကြောင့် ပူရှိန်းဓာတ်ပါတဲ့ ခေါင်းလျှော်ရည်တွေအသုံးပြုပြီး သင့်ဆံသားကနေ ဦးရေပြားအထိ ခပ်ဖွဖွနှိပ်နှယ်ပေးပါ။

၃။ ခေါင်းလျှော်ရည်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကိုသတိပြုပါ


ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်က ဓာတုပစ္စည်းပါဝင်မှုများလေလေ သင့်ဆံပင်ပျက်စီးဖို့လွယ်လေပါပဲ။ ဥပမာအနေနဲ့ အမြုပ်ထွက်အားကောင်းစေတဲ့ဂျေးချွတ်ဓာတုပစ္စည်း ပါဝင်မှုများတဲ့ ခေါင်းလျှော်ရည်တွေကို သတိပြုပေးပါ။ သူက ခေါင်းလျှော်ပြီးနောက်မှာ အညစ်အကြေးတွေသန့်စင်သွားသလို ခံစားရနိုင်ပေမယ့် အညစ်အကြေးနဲ့အတူ ဆံသားအတွက်အရေးပါတဲ့ သဘာဝအဆီတွေကိုပါ ဖယ်ရှားမိစေပါတယ်။

၄။ Hair Accessories တွေကို သတိထားအသုံးပြုပါ


ခေါင်းစည်းကြိုးအသုံးပြုတဲ့အခါမှာ ရိုးရိုးသားရေကြိုးတွေထက် အဝတ်အပတ်ပါတဲ့ ကြိုးတွေကို အသုံးပြုပေးဖို့ လိုပါတယ်။ ဆံပင်အနောက်ကို တင်းကြပ်နေအောင် Ponytail ပုံစံခဏခဏစည်းခြင်းကလည်း ဆံပင်ပါးလာစေပါတယ်။

၅။ Conditioner ပုံမှန်သုံးပေးပါ


ခေါင်းလျှော်ပြီးနောက် ဆံသားကြမ်းတမ်းခြောက်သွေ့ခြင်းမဖြစ်စေဖို့ Conditioner ပုံမှန်အသုံးပြုဖို့လိုပါတယ်။ Conditioner မှာ ဆံပင်အတွက်လိုအပ်တဲ့ အဆီဓာတ်တွေပါဝင်ပြီး ဆံသားညှိထွေးခြင်းကိုလည်း သက်သာစေတာကြောင့် ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးရာရောက်ပါတယ်။

၆။ အပူနဲ့ထိတွေ့မှုကိုသတိထားပါ


နေရောင်ခြည်၊ Hair Dryer နဲ့ ဆံပင်ပြုပြင်ရေးပစ္စည်းတွေကရတဲ့ အပူဒဏ်တွေက ဆံသားပျက်စီးပြီး အဖျားနှစ်ခွဖြစ်လွယ်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အပူခံခြင်းကိုရှောင်ပေးပါ။ မဖြစ်မနေ Dryer သုံးရတဲ့အခါ ပြန်လည်ကာကွယ်နိုင်ဖို့ Hair Serum တစ်မျိုးလိမ်းပေးသင့်ပါတယ်။

၇။ ဆံပင်အားဖြည့်ဆေး Supplement တစ်မျိုးမှီဝဲပါ


ဆံပင်ကျွတ်ခြင်းသက်သာပြီး ဆံသားသန်စွမ်းစေတဲ့ Zinc, ဗီတာမင် E, Folic Acid နဲ့ Biotin ဓာတ်တွေ ပါဝင်တဲ့ အားဖြည့်ဆေးတစ်မျိုးကိုသောက်သုံးပေးတာကလည်း အချိန်တိုအတွင်း ဆံပင်အုံထူလာစေဖို့ အထောက်အပံ့တစ်ခုပါပဲ။

Photo Source: Pinterest

By MyStyle Myanmar