မင်္ဂလာပါ ပျိုမေတို့ရေ။ ပူတဲ့ရာသီရောက်လာပြီမို့ လက်တိုလေးတွေဝတ်ချင်ပေမယ့် ဂျိုင်းမဲနေသလို ခံစားရလို့ မဝံမရဲဖြစ်နေတဲ့သူတွေရှိလား။ ဒီလိုရာသီက ချွေးထွက်များတာမို့ ချွေးပေါက်ပိုပိတ်ပြီး အသားအရေ ညိုမဲလွယ်ပါတယ်။ ဂျိုင်းကြား အစိုဓာတ်မရှိတာ၊ အသားအရေပွတ်တိုက်မှုများတာနဲ့ Waxing မကြာခဏ လုပ်တာတွေကလည်း ဂျိုင်းသားကို မဲညစ်စေမှာပါ။ ဒါကြောင့်မို့ ဂျိုင်းကြားညိုမဲတာသက်သာဖို့ လိုက်နာသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

Deodorant ကောင်းကောင်းရွေးချယ်ပါ


Alcohol နဲ့ မွှေးရနံ့များတဲ့ Deodorant တွေက အာနိသင်ပြင်းတာမို့ အသားပါးပြီး ဂျိုင်းမဲလာတတ်ပါတယ်။ ညိုမဲခြင်းသက်သာပြီး အာနိသင်အရမ်းမပြင်းဘဲ အရေပြားအစိုဓာတ်ပေးပြီး ညိုမဲခြင်းသက်သာစေတဲ့ ဗီတာမင်အာနိသင်တွေပါဝင်တာမျိုးကိုသာ ရွေးသုံးပေးပါ။

အမွှေးရိတ်တာ၊ နှုတ်တာတွေ သတိထားပါ


မကြာခဏ ဂျိုင်းမွှေးရိတ်တာ၊ နှုတ်တာတွေက ရိတ်စက်အသွားနဲ့ ပွတ်တိုက်မှုများတာ၊ Wax အပူလောင်တာတွေဖြစ်ပြီး ဂျိုင်းမဲသွားတတ်ပါတယ်။ မဖြစ်မနေလိုအပ်မှသာ ရိတ်တာ၊ နှုတ်တာမျိုးလုပ်သင့်ပြီး လုပ်ပြီးတဲ့နောက် သေချာသန့်စင်ကာ အစိုဓာတ်ထိန်းတဲ့ Gel တစ်မျိုးလိမ်းပေးပါ။

ဂျိုင်းသားကို အစိုဓာတ်ဖြည့်ပါ


ခြောက်သွေ့လွန်းတဲ့အရေပြားကလည်း အရောင်မွဲလာတတ်တာမို့ အစိုဓာတ်ဖြည့်ပေးဖို့ မမေ့သင့်ပါဘူးနော်။ လိမ်းရပေါ့ပါးပြီး စိမ့်ဝင်အားကောင်းတဲ့ Hyaluronic Acid ပါတဲ့ Moisturizers တစ်မျိုးကို အသုံးပြုပေးပါ။

နေပူမခံပါနဲ့


နေပြင်းတဲ့ရာသီမှာ နေပူထဲခဏခဏထွက်မိရင် နေလောင်ပြီး အသားအရောင်ညစ်လာမှာပါ။ ဒါကြောင့်မို့ နေပူထဲ လက်ပြတ်နဲ့ထွက်တာမျိုးကို တတ်နိုင်သလောက်ရှောင်ပြီး အပြင်ထွက်တိုင်း Sunscreen လိမ်းသွားပေးပါ။

ခပ်ချောင်ချောင်အဝတ်တွေဝတ်ပါ


အင်္ကျီအကျပ်တွေ၊ အသားကြမ်းတဲ့အင်္ကျီတွေက ဂျိုင်းနဲ့ပွတ်တိုက်တာများရင် ဂျိုင်းချွေးအရမ်းထွက်ပြီး ညိုမဲလာတတ်ပါတယ်။ ဒါကြောင့်မို့ အသားအေးပြီး လေဝင်လေထွက်ရှိတဲ့ ခပ်ချောင်ချောင် အင်္ကျီမျိုးကို ရွေးဝတ်ပေးပါ။

ချွေးထွက်မလွန်အောင် ဂရုစိုက်ပါ


ချွေးထွက်အရမ်းများလွန်ရင်လည်း ဂျိုင်းကြားမှာ ချွေးနဲ့အတူ ဘက်တီးရီးယားဝင်ပြီး ချွေးနံ့ထွက်ကာ ဂျိုင်းကြားအသားအရေ ညိုမဲလာတတ်ပါတယ်။ ချွေးထွက်မများအောင် အပူအစပ်နဲ့ အပြင်းအထန် လှုပ်ရှားတာတွေကိုရှောင်ပြီး ဂျိုင်းကြားနေရာကို သန့်စင်ပြီး ချွေးထွက်နည်းအောင် နေပေးပါ။

ဂျိုင်းသားကို Exfoliate လုပ်ပါ


ဂျိုင်းကြားက ချွေးပေါက်တွေဖွင့်ပေးပြီး ဆဲလ်သေနဲ့ အညစ်အကြေးတွေဖယ်ရှားဖို့ တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန် ချေးချွတ်ပေးတာမျိုးလည်း လုပ်ပေးပါ။ သဘာဝနည်းနဲ့ ချေးချွတ်ချင်သူတွေက သံလွင်ဆီ သုံးဇွန်း၊ သကြားဇွန်းတစ်ဝက်နဲ့ ပျားရည်နှစ်ဇွန်းတို့ကိုရောပြီး ဂျိုင်းမှာပွတ်တိုက်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar