ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ထွေထွေထူးထူး မိတ်ကပ်ပြင်ဆင်စရာမလိုဘဲ စိုစိုပြောင်ပြောင်လေးနဲ့ တင်းရင်းနေတဲ့ အသားအရေမျိုးကိုပိုင်ဆိုင်ဖို့ကတော့ ပျိုမေတိုင်းရဲ့အိပ်မက်ပါပဲ။ အသားအရေ Glow နေဖို့ဆိုရင် အရေပြားအစိုဓာတ်ဖြည့်တင်းပေးဖို့နဲ့ ပုံမှန်အသားအရေထိန်းသိမ်းမှုတွေပြုလုပ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာ မိတ်ကပ်မလိမ်းထားလည်း ကြည်လင်စိုပြေတဲ့ Glow Skin လေး ရစေဖို့ ပြုလုပ်ပေးရမယ့် နေထိုင်မှုပုံစံနဲ့ အဆင့်ဆင့်အသားအရေထိန်းသိမ်းနည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အသားအရေအတွက် နေ့စဉ် SPF လိမ်းပေးဖို့လိုပါတယ်


နေရောင်ခြည်က အသားအရေကိုရင့်ရော်စေပြီး နေလောင်ဒဏ်နဲ့ အရေပြားကင်ဆာတွေအထိ ဖြစ်တတ်ပါတယ်။ ပျိုမေတို့ရဲ့ အသားအရေကို နေလောင်ဒဏ်မထိအောင်အမြဲကာကွယ်ပေးဖို့လိုတာကြောင့် SPF ပါဝင်မှုများတဲ့ Sunscreen တွေကို နေရာမရွေး နေ့စဉ်ပုံမှန်အသုံးပြုပေးပါ။

၂။ Exfoliate လုပ်ပြီး မျက်နှာချေးချွတ်ပေးပါ


မျက်နှာပေါ်ကအရေးအကြောင်းတွေလျှော့ချပြီး အသားအရေကြည်လင်စေဖို့ Exfoliate လုပ်ပေးဖို့လိုပါတယ်။ သူက ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်တဲ့အပြင် အသားအရေနူးညံ့စေပြီး Skincare စိမ့်ဝင်မှု ပိုကောင်းစေပါတယ်။ ဒါကြောင့် တစ်ပတ်နှစ်ကြိမ်ခန့် Exfoliate လုပ်ပေးပါ။ Sensitive အသားအရေရှိသူတွေ အနေနဲ့လည်း Chemical မပါဘဲ ကော်ဖီ၊ ပျားရည်တို့နဲ့ပြုလုပ်ထားတဲ့ DIY Scrub တွေကို အသုံးပြုနိုင်ပါတယ်။

၃။ ရေများများသောက်ပါ


ရေသောက်များလေ ကိုယ်တွင်းအဆိပ်အတောက်ရှင်းပြီး အသားအရေ ကြည်လင်လေဖြစ်တာကြောင့် ရေသောက်ဖို့လည်းမမေ့ပါနဲ့နော်။ ရေဘူးကို ကိုယ်သွားလေရာယူပြီး တစ်နေ့ နှစ်လီတာအထိ ပြည့်အောင် သောက်ပေးသင့်ပါတယ်။

၄။  Coconut Oil လိမ်းနိုင်ပါတယ်


Coconut Oil က Skin အမျိုးအစားတော်တော်များများနဲ့အဆင်ပြေစေပြီး သူ့မှာအရေးအကြောင်းလျှော့ချပြီး အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ အုန်းဆီကို အစိုဓာတ်ဖြည့် Moisturizer အဖြစ်အသုံးပြုနိုင်သလို မိတ်ကပ်ဖျက်ဆေး Cleanser အနေနဲ့ပါသုံးနိုင်ပါတယ်။

၅။ ရေဓာတ်ဖြည့် Mask တွေပုံမှန်သုံးပါ


စိုပြေလန်းဆန်းတဲ့အသားအရေအတွက် အစိုဓာတ်ထိန်း Mask နဲ့ ရွံ့စေး Mask တွေကို တစ်ပတ် တစ်ခါ (သို့) နှစ်ခါလောက် ကပ်ပေးဖို့လိုပါတယ်။ ဒါက သင့်အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေပြီး ဝက်ခြံ Breakouts တွေကိုပါ ပြန်လည်သက်သာစေပါတယ်။

၆။ Retinol ထည့်လိမ်းပါ


Vitamin A အရင်းအမြစ်ဖြစ်တဲ့ Retinol က အမည်းစက်၊ အရေးအကြောင်းနဲ့ မျက်ကွင်းညိုမဲခြင်းတွေကို သက်သာစေတဲ့အပြင် ဝက်ခြံအဆီဖု Breakouts တွေကိုလျှော့ချပေးနိုင်ပြီး အသားအရေကိုပါ နူးညံ့ချောမွေ့လာစေပါတယ်။ ဒါကြောင့် အသက် ၂၀ ကျော် ဝန်းကျင်မှာ သင့်အသားအရေနဲ့အဆင်ပြေတဲ့ Retinol ထုတ်ကုန်တစ်မျိုးကို ရှာဖွေအသုံးပြုကြည့်သင့်ပါတယ်။

၇။ အိပ်ရေးဝအောင်အိပ်ပါ


Glow Skin အတွက် အသားအရေအစိုဓာတ်ဖြည့်ဖို့ လိုအပ်သလို အိပ်ရေးဝအောင်အိပ်ဖို့လည်း အရေးကြီးပါတယ်။ အိပ်ချိန်မှန်မှန်ထားတာက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကိုလျှော့ချပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေဖယ်ရှားပေးနိုင်တဲ့ ဟော်မုန်းထုတ်လုပ်မှုပမာဏကို မြှင့်တင်ပေးနိုင်တာကြောင့် တစ်နေ့ကိုပုံမှန် ၈ နာရီခန့်အိပ်စက်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar