နေ့တစ်နေ့ရဲ့အစက တစ်နေ့တာလုံးရဲ့ အဆုံးအဖြတ်ပါပဲ။ သင့်အနေနဲ့ မနက်အိပ်ရာနိုးကတည်းက စိတ်မကြည်မလင်နဲ့ ပင်ပန်းနေမယ်ဆိုရင် တစ်နေကုန် ဒီအတိုင်းပဲ ယောင်လည်လည်နဲ့ ကုန်ဆုံးသွားမှာပါ။ မနက်ခင်းတိုင်းမှာ Motivation အပြည့်နဲ့ လန်းဆန်းတက်ကြွနေဖို့ မနက်အိပ်ရာနိုးတာနဲ့ အကျင့်လုပ်ထားသင့်တဲ့အရာတွေ ရှိပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ လန်းဆန်းတက်ကြွတဲ့ မနက်ခင်းကို ပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့ အချက်တွေအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

၁။ Alarm ပိတ်ပြီး တစ်ရေးပြန်မအိပ်ပါနဲ့


အိပ်ရာနိုးပြီးမှ တစ်ရေးပြန်အိပ်လိုက်လိုက်တာက နောက်ထပ်ပြန်နိုးလာတဲ့အခါ ခန္ဓာကိုယ်တွေလေးလံပြီး ခေါင်းမကြည်ဖြစ်တတ်ပါတယ်။ ကိုယ်တကယ်ထနိုင်လောက်မယ့်အချိန်ကို Alarm ပေးပြီး မြည်တာနဲ့ ချက်ချင်းထတဲ့အကျင့် လုပ်ပေးပါ။ Alarm ကိုအိပ်ရာပေါ်က အဆင့်သင့်လှမ်းပိတ်နိုင်တဲ့နေရာမှာ မထားပါနဲ့။ ကိုယ်တိုင်ထပိတ်ဖို့ လိုတဲ့အကွာအဝေးမှာထားမှ ခန္ဓာကိုယ်ပါ လှုပ်ရှားလိုက်သလိုဖြစ်ပြီး ချက်ချင်းထနိုင်မှာပါ။

၂။ ရေအပြည့်တစ်ခွက်သောက်ချလိုက်ပါ


ရေဓာတ်က ကိုယ်တွင်းအဆိပ်အတောက်ပျယ်ပြီး လူကိုလန်းဆန်းစေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေတဲ့အခါ အားကုန်ပြီး အိပ်ချင်လာတတ်တာမို့ မနက်နိုးတာနဲ့ ရေတစ်ခွက်ပုံမှန်သောက်တတ်တဲ့အကျင့် လုပ်ပေးပါ။

၃။ နေရောင်ထဲခဏထွက်ပေးပါ


မနက်ခင်းနေရောင်ခြည်က စိတ်ငြိမ်ပြီး အာရုံစိုက်အားကောင်းအောင် ကူညီပေးနိုင်ပါတယ်။ မနက်စောစောထပြီး နေပူထဲခဏထွက်ပေးတာက သင့်ကိုအိပ်ချင်ပြေပြီး တစ်နေကုန် လန်းဆန်းနေစေမှာပါ။

၄။ ယောဂလုပ်ပြီး အကြောလျှော့ပေးပါ


အိပ်ရာနိုးတာနဲ့ ယောဂ ဒါမှမဟုတ် လေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီး အကြောလျှော့ပေးတာက သင့်ကို စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းပြီး ခန္ဓာကိုယ်ကျန်းမာရေးကောင်းဖို့လည်း ထောက်ပံ့ပေးပါလိမ့်မယ်။

၅။ သီချင်းနားထောင်လိုက်ပါ


သီချင်းနားထောင်တာက တီထွင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး Mood ကောင်းစေပါတယ်။ မနက်ပိုင်းမှာ ကိုယ်ကြိုက်တဲ့ မြူးမြူကြွကြွ သီချင်းလေးတွေ နားထောင်ပေးမယ်ဆိုရင် သင့်ကိုလုံးဝအိပ်ချင်ပြေပြီး ခေါင်းကြည်စေမှာပါ။

၆။ ကျန်းမာရေးနဲ့ညီတဲ့ မနက်စာစားပေးပါ


မနက်စာမစားတဲ့အခါ စိတ်မကြည်လင်ဘဲ ပင်ပန်းနေသလို ခံစားရတတ်ပါတယ်။ ဒါကြောင့် မနက်စာ ပုံမှန်စားတဲ့အကျင့်လုပ်ပေးပါ။ ကျန်းမာရေးနဲ့ညီပြီး အာဟာရရှိတဲ့မနက်စာမျိုး ရွေးချယ်စားပေးရပါမယ်။

၇။ ညဘက်အိပ်ချိန် သတ်မှတ်ထားပါ


အိပ်ချိန်မမှန်တာ၊ အိပ်ရေးပျက်တာတွေက မနက်ပိုင်းမှာ လန်းလန်းဆန်းဆန်းမရှိ ဖြစ်တတ်ပါတယ်။ စောစောထနိုင်ဖို့ ညကတည်းက အိပ်ချိန်သတ်မှတ်ပြီး ပုံမှန်အိပ်ပေးပါ။ သင့်အိပ်ချိန်ကို ကမောက်ကမ ဖြစ်စေတဲ့ အိပ်ခါနီး ဖုန်းသုံးတာ၊ ကော်ဖီသောက်တာတွေကို ရှောင်ဖို့လည်း မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar