သင်က ရည်းစားနဲ့ ပြတ်ပြီးနောက် “ငါလုပ်တာမှားနေပြီလား” ဆိုတဲ့ အတွေးတွေ ဝင်လာတတ်တာက ဓမ္မတာပါပဲ။ Relationship တစ်ခု ပြိုကွဲသွားတဲ့အခါ အထီးကျန်မှု၊ ဝမ်းနည်းမှု၊ နောင်တ၊ စိုးရိမ်ပူပန်မှု စတဲ့ အရာတွေက နောက်ဆက်တွဲအနေနဲ့ ပါလာတတ်ပါတယ်။

သင်က ဒီလို အခြေအနေထဲ ရောက်နေတယ်ဆိုရင် နောင်တ အရနည်းစေဖို့ အကြံပြုချက်တွေကို ဖော်ပြပါရစေ။ သင်သိထားသင့်တာက အရာရာမှာ နှစ်ဦးနှစ်ဖက် မှားနေတာ ဖြစ်နိုင်တာမို့ သင့်အမှားချည်းပဲ မဟုတ်ဘူးဆိုတာ ပထမဆုံး သိထားသင့်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ စဉ်းစားဖို့ အချိန်ပေးပါ

သင်က ရည်းစားနဲ့ပြတ်ပြီးနောက် နောင်တရတာမျိုးမဖြစ်ရအောင် အချိန်ပေးတဲ့အနေနဲ့ သူနဲ့ လုံးဝအဆက်အသွယ်ဖြတ်ကာ တစ်လဝန်းကျင် နေကြည့်သင့်ပါတယ်။ ဒီလို အချိန်ပေးလိုက်တာက သင့်ရည်းစားကိုလည်း ခံစားတာ သက်သာဖို့ အချိန်ပေးသလို ဖြစ်စေပါတယ်။ အချိန်ပေးခြင်းအားဖြင့် ခေါင်းအေးအေးထား စဉ်းစားဖို့ အချိန်ရကာ လမ်းခွဲခဲ့တာက ဆုံးဖြတ်ချက်မှန်တယ်ဆိုတဲ့ အတွေးတွေ သင်ဝင်လာမှာပါ။

၂။ သူနဲ့ ဘာလို့ ပြန်တွဲချင်နေတာလဲ

သင်က လမ်းခွဲပြီးမှ နောင်တရနေတယ်ဆိုရင် သူနဲ့ ပြန်တွဲချင်နေလို့ပါ။ ဒီလို ပြန်တွဲချင်စိတ်ဖြစ်လာရင် ဘာလို့ ပြန်တွဲချင်တာလဲ အကြောင်းအရင်းတွေကို စဉ်းစားသင့်ပါတယ်။ သူ့ကို ချစ်နေသေးလို့ ဒီအချစ်ရေးကို ပြန်ကြိုးစားကြည့်ချင်တာလား ဒါမှမဟုတ် သင်က အထီးကျန်နေလို့ ခဏတဖြုတ် လိုအပ်နေတာလား စတဲ့အကြောင်းအရင်းတွေကို စဉ်းစားသင့်ပါတယ်။

၃။ သူနဲ့ အနာဂတ်တစ်ခု မြင်လား

သင့်အနာဂတ်မှာ သင့်ရည်းစားဟောင်းကော ပါလားဆိုတဲ့ မေးခွန်းကိုလည်း သင့်ကိုယ်သင် မေးကြည့်သင့်ပါတယ်။ သင်က ဘာမှမတွေးဘဲ သူ့ကို ပြန်ဆက်သွယ်ရင် နောက်တစ်ခေါက် ပြန်လမ်းခွဲဖို့ အစပျိုးလိုက်သလိုပါပဲ။ အချစ်ရေးတစ်ခုမှာ လမ်းခွဲခံရသူတွေဟာ ပြန်တွဲတာကို ကြောက်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်ခေါက် လမ်းခွဲခံရတာကို မခံစားနိုင်လို့ပါတဲ့။

၄။ သူနောက်တစ်ယောက် ရသွားတဲ့အခါ

သင့်ရည်းစားဟောင်းက သင်နဲ့ ပြတ်ပြီး နောက်တစ်ယောက်ရသွားတယ်ဆိုရင် ဒါက အစားထိုးတွဲတာ ဖြစ်နိုင်သလို တကယ့် အတည်တွဲတာလည်း ဖြစ်နိုင်ပါတယ်။ သူက အသစ်ရသွားရင် သင့်အနေနဲ့ မနှောင့်ယှက်သင့်တော့ပါဘူး။ သင်က သူ့ရည်းစားအသစ်ထက် ပိုသာကြောင်းလည်း သက်သေပြစရာမလိုပါဘူး။ ဒီအပြုအမူက ဆွဲဆောင်မှုအား ပိုတောင် နည်းစေပါသေးတယ်။

၅။ သင်က နောက်တစ်ယောက် ရသွားခဲ့ရင်

လက်ရှိမှာ သင်က နောက်တစ်ယောက်ထားပြီး အရင်ရည်းစားကို သတိရနေမယ်ဆိုရင် ဒါက မဟုတ်သေးပါဘူး။ သင့်အနေနဲ့ အရင်တစ်ယောက်ကို မပြတ်သေးရင် အခုတွဲနေတဲ့ တစ်ယောက်ကိုပါ လက်လွှတ်သင့်ပါတယ်။ ဒါက ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

၆။ ပြန်ဆက်သွယ်တဲ့အခါ

သင်က နောင်တရပြီး နှမြောတသ စိတ်နဲ့ သူ့ကို လွမ်းနေတုန်းဆိုရင် အဆက်အသွယ် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ယူပြီးမှ ဆက်သွယ်သင့်ပါတယ်။ သူ့ဘက်က စိတ်ဝင်စားမှု မပြဘူးဆိုရင် သင့်ကို မချစ်တော့တာဖြစ်နိုင်သလို သင့်ကြောင့် အရမ်းနာကျင်ခဲ့တာဖြစ်နိုင်ပါတယ်။

၇။ သင်ခံစားရတာကို ပြောပြပါ

သင့် ရည်းစားဟောင်းက သင်နဲ့စကားပြောချင်သေးတယ်ဆိုရင် သင့်အနေနဲ့ သင့်ခံစားချက် အမှန်ကို သူ့ကို ရင်ဖွင့်သင့်ပါတယ်။ သူ့ဘက်က ဘယ်လိုရှိလဲ သင်နားထောင်ကြည့်ရင် သိလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar