လတ်တလောမှာ Gymသွားပြီးလေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေတာကြောင့် ကိုယ့်အိမ်မှာပဲအဆင်ပြေသလို လေ့ကျင့်ခန်းလုပ်ကြတဲ့သူတွေအနေနဲ့ ရက်ကြာလာတာနဲ့အမျှ ဆက်လုပ်ဖို့ Motivation မရှိတော့တာ၊ ပုံမှန်လုပ်ဖို့မေ့လျော့လာတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေမဖြစ်ရအောင် အိမ်မှာ အမြဲလေ့ကျင့်ခန်းလုပ် ဖြစ်စေဖို့အတွက် ကိုယ်တိုင်ပြင်ဆင်ထားရမယ့် အချက်တွေကိုသိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်ပြောပြပေးချင်တာကတော့ အိမ်မှာလေ့ကျင့်ခန်းလုပ်မယ့်သူတွေအနေနဲ့ ပုံမှန်လေးလုပ်ဖြစ်စေဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေအကြောင်းပဲဖြစ်ပါတယ်။

၁။ အချိန်ဇယား ကြိုဆွဲထားပါ။

သင်က အလုပ်များတဲ့သူဆိုရင် အလုပ်တစ်ဖက်နဲ့ပဲ အချိန်ကုန်သွားတာမျိုးမဖြစ်ရအောင် လေ့ကျင့်ခန်းအတွက် အချိန်တစ်ခုချန်ပြီး သတ်မှတ်ထားဖို့လိုပါတယ်။ အချို့လူတွေက မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရတာကို ပိုအားသန်ပြီး အချို့တွေကတော့ ညခင်းအချိန်တွေမှာမှ ပြုလုပ်တတ်ကြပါတယ်။ ကိုယ်နဲ့အဆင်ပြေတဲ့အချိန်ကို သတ်မှတ်ထားနိုင်ဖို့အတွက် အချိန်ပြောင်းပြီးပြုလုပ်ကြည့်ပါ။ အချိန်ဇယားဆွဲတဲ့နေရာမှာ အခြားသော တာဝန်ဝတ္တရားတွေနဲ့ မရှုပ်ထွေးစေဖို့ကလည်းအရေးကြီးပါတယ်။

၂။ ကိုယ်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုးကိုရှာဖွေပြုလုပ်ပါ။

လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေမတူညီခြင်းကြောင့် အခြားသူတွေလုပ်နေကျ လေ့ကျင့်ခန်းပုံစံတွေက သင်နဲ့အဆင်ပြေချင်မှအဆင်ပြေမှာပါ။ ဒါကြောင့် အိမ်မှာလေ့ကျင့်ခန်းလုပ်တတ်တဲ့သူ တွေအနေနဲ့ သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မထိခိုက်စေဘဲ ရေရှည်အတွက်ခံနိုင်ရည်ရှိမယ့် လေ့ကျင့်ခန်းလုပ်နည်းတွေကို ကိုယ်တိုင်ရှာဖွေထားဖို့ လိုပါတယ်။

၃။ အလွန်အကျွံပြုလုပ်ခြင်းကိုရှောင်ပါ။

တစ်ချို့တွေက ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ပုံစံအမြန်ဆုံးရရှိဖို့အတွက် လေ့ကျင့်ခန်း တစ်နေ့နှစ်ကြိမ်ပြုလုပ်တာ၊ မလိုအပ်ပဲအချိန်အတော်ကြာအပင်ပန်းခံတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလိုရက်အနည်းငယ် ပုံမှန်ထက် အလွန်အကျွံပြုလုပ်တာက သင့်ကို အမြဲပင်ပန်းနွမ်းနယ်ပုံပေါက်စေပြီး စိတ်မတည်မငြိမ်ဖြစ်လာစေတာကိုတော့ သတိထားဖို့လိုပါတယ်။ ဒါကြောင့် ပေါ့ပါးတဲ့ သွေးပူလေ့ကျင့်ခန်းတွေကနေအစပြုပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဆီ တစ်ဆင့်ချင် းကူးပြောင်းပြုလုပ်ပေးဖို့လိုပါတယ်။

၄။ လေ့ကျင့်ခန်းအတူလုပ်မယ့် အပေါင်းအသင်းတွေရှာကြည့်ပါ။

သင့်အနေနဲ့ တစ်ယောက်ထဲလေ့ကျင့်ခန်းလုပ်ရတာက လွယ်လွယ်နဲ့ငြီးငွေ့စေတယ်လို့ခံစားနေရရင် သူငယ်ချင်းတွေနဲ့တိုင်ပင်ဆက်သွယ်ပြီး အတူတူပြုလုပ်ကြည့်ပါ။ ဒီလိုလုပ်တာက တစ်ယောက်နဲ့တစ်ယောက် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့ အပြန်အလှန်သတိပေးနိုင်မယ့်အပြင် လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ရလာတဲ့ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ရလဒ်တွေ အကြောင်းကိုလည်း အချင်းချင်းဖလှယ်လို့ရပါတယ်။

၅။ လေ့ကျင့်ခန်းနဲ့ ဆက်စပ်ပစ္စည်းတွေပြင်ဆင်ထားပါ။

Photo Source: Her Garden Gym

ကျောင်းတက်ဖို့အတွက် ကျောင်းဝတ်စုံရှိဖို့လိုအပ်သလို လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာလဲ ကိုယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းနည်းလမ်းတွေ၊ သင့်တော်တဲ့ အားကစားပစ္စည်းနဲ့ ဝတ်စုံစတာတွေကိုတတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ သင့်အနေနဲ့ ဒါတွေကြိုပြင်ထားမှ အိမ်မှာလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ဖို့အတွက် စိတ်အားထက်သန်နေမှာဖြစ်ပါတယ်။

၆။ ကျန်းမာအောင်စားပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေဖို့ လုံလောက်အောင် စားသောက်ဖို့ကလည်း အရေးကြီးပါတယ်။ ဝိတ်ချနေတဲ့သူတွေအနေနဲ့လည်း ကယ်လိုရီပမာဏ အလွန်အကျွံလျှော့ချစားသောက်ခြင်းမျိုးကိုရှောင်ပေးပါ။

၇။ ရေများများသောက်ဖို့မမေ့ပါနဲ့။

လေ့ကျင့်ခန်းပြုလုပ်ပြီးချိန် ထွက်လာတဲ့ ချွေးနဲ့အတူ ကိုယ်ခန္ဓာတွင်းက အရည်ဓာတ်တွေပါသွားနိုင်တဲ့အတွက် ရေဓာတ်ခန်းခြောက်မှုမဖြစ်အောင် ရေများများသောက်ပေးဖို့လိုပါတယ်။ အထူးသဖြင့် ချွေးထွက်များတဲ့နေ့တွေမှာ သောက်သုံးတဲ့ရေပမာဏကို တိုးမြှင့်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar