ဆံပင်ကောက်ထားတဲ့သူတွေက ပုံမှန်ထက် ဆံသားကိုပိုဂရုစိုက်ရပါတယ်။ ကောက်ပြီး သေချာဂရုမစိုက်ဘဲထားရင် ကောက်သားတွေပြေပြီး အကောက်မညီတာ၊ ကြမ်းပြီး ဖွာတာတွေ ဖြစ်လာမှာပါ။ ဒီလိုဖြစ်တဲ့အခါ ဆံပင်ကိုခဏခဏပုံပြန်သွင်းနေရတာက အလုပ်လည်းရှုပ်သလို ဆံသားကိုလည်း ပိုပြီးပျက်စီးစေပါတယ်။ ဒါတွေမဖြစ်အောင် ဆံပင်ကောက်ပြီးနောက် ပုံမှန်လုပ်သင့်တဲ့ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးသွားမှာပါ။

ခေါင်းလျှော်ပြီးတိုင်း ရေအေးနဲ့ဆေးချပါ


ခေါင်းလျှော်ပြီးနောက်ဆုံးရေလောင်းတဲ့အခါ ရေအေးအေးနဲ့ လောင်းပေးတာက ဆံပင်ခြောက်သွားတဲ့အချိန် အရမ်းမပွနေအောင် ကူညီပေးပါတယ်။ ဆံသားကိုလည်း ပိုပြီးတောက်ပြောင်စေတာမို့ ခေါင်းလျှော်ပြီးချိန် ရေအေးလောင်းချတာမျိုး လုပ်ပေးပါ။

အစိုဓာတ်ပေးပါ


ကောက်ဆေးတွေနဲ့ထိထားတဲ့ဆံပင်က သဘာဝဆံသားနဲ့မတူတာမို့ အစိုဓာတ်ဆုံးရှုံးပြီး ပျက်စီးကြမ်းတမ်းလွယ်ပါတယ်။ အစိုဓာတ်ကောင်းကောင်းဖြည့်ဖို့အရေးကြီးတာမို့ အစိုဓာတ်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်နဲ့ Hair Serum လေးတွေသုံးပေးဖို့လိုပါတယ်။

အသွားကျဲဘီးတွေ အသုံးပြုပါ


ဆံပင်ကောက်သားရှိတဲ့သူတွေက ဖွာဖို့ ထုံးဖို့လွယ်တာမို့ ခေါင်းဖြီးတဲ့အခါ သတိထားပေးပါ။ အသွားကျဲတဲ့ ခေါင်းဖြီးမျိုးသုံးပြီး ဆံပင်အထုံးတွေကို ဖြေးဖြေးချင်း ဖြည်ပေးရပါမယ်။

ခေါင်းမလျှော်ခင် ပေါင်းတင်ပေးပါ


အကောက်ပေါ်အောင် ပုံခဏခဏသွင်းရတဲ့သူတွေဆိုရင် ဆံသားပျက်စီးတာသက်သာဖို့ ပုံမှန်ပေါင်းတင်ပေးသင့်ပါတယ်နော်။ ခေါင်းလျှော်ခါနီး ဆီတစ်မျိုး (သို့) သဘာ၀ Hair Mask တစ်ခုခု ကြိုလိမ်းပေးတာက ခေါင်းလျှော်တဲ့ချိန် ဆံပင်ကျွတ်တာ၊ ဖွာတာတွေကို သက်သာစေမှာပါ။ သံလွင်ဆီ၊ ကြက်ဆူဆီစတာတွေကို ဆံသားအရင်းထဲထိစိမ့်ဝင်အောင် လိမ်းပေးပါ။ သဘာ၀ Mask သုံးမယ့်သူတွေအနေနဲ့ ကြက်ဥ၊ Mayo နဲ့ သံလွင်ဆီတို့ကို နည်းနည်းစီရောပြီး သုံးနိုင်ပါတယ်။

ဆံသားရေစိုနေချိန် လက်ချောင်းနဲ့လိပ်လေးပါ

Photo Source: Youtube

ဆံပင်အကောက်မပျယ်အောင် လွယ်လွယ်ကူကူနဲ့ ပျက်စီးမှုမရှိအောင်လုပ်နိုင်မယ့်နည်းက ဆံပင်ရေစိုနေတုန်းမှာ လက်ချောင်းတွေနဲ့ အမျှင်နည်းနည်းစီ လိမ်ပြီး လိပ်ပေးတာပါ။ ဒီနည်းက စက်ဆွဲစရာမလိုတာမို့ အပူကြောင့် ပျက်စီးမှာလည်း မပူရပါဘူး။

ပုဝါနဲ့ခပ်ကြမ်းကြမ်းမသုတ်ပါနဲ့


သတိမထားမိနိုင်ပေမယ့် ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်းရေသုတ်တာကလည်း ဆံပင်ကို ပုံမှန်ထက် ပိုပွပြီး ဖွာထွက်စေပါတယ်။ ဆံပင်ကိုဆွဲပြီးသုတ်တာထက် ရေစင်လောက်တဲ့အထိ ခပ်ဖွဖွပုတ်ပေးတာမျိုး လုပ်ပေးပါ။

Hot Oil Treatment လုပ်ပေးပါ


ဆံပင်ဖွာတတ်တဲ့သူတွေက Hot Oil Treatment လုပ်ဖို့လိုပါတယ်နော်။ နှစ်ပတ်တစ်ကြိမ်လောက် ခေါင်းမလျှော်ခင် ခပ်နွေးနွေးအပူပေးထားတဲ့ ဆီကို ဆံသားအရင်းပိုင်းကနေ ဦးရေပြားထဲစိမ့်ဝင်အောင် လိမ်းပြီး ၃၀ မိနစ်လောက်ထားကာ ခေါင်းလျှော်ချပေးပါ။

Photo Source: Pinterest

By MyStyle Myanmar