ချစ်မိသွားတယ်ဆိုတဲ့ ခံစားချက်က သင်ကိုယ်တိုင် ထိန်းချုပ်လို့မရပါဘူး။ ဒီနေရာမှာ ဦးနှောက်ထက် နှလုံးသားကဦးဆောင်သွားတတ်ပါတယ်။ ရင်ခုန်စိတ်လှုပ်ရှားမှုတွေက ချစ်မိတဲ့အချိန် ဝင်ရောက်လာတတ်ပါတယ်။ အခုဖော်ပြထားတဲ့အချက်တွေကတော့ သင် လူတစ်ယောက်ကို ချစ်မိသွားတဲ့အချိန် ခံစားလာရမယ့် အရာတွေ ဖြစ်ပါတယ်။
၁။ သူနဲ့အတူဆိုရင် အချိန်ကုန်မြန်လွန်းတယ်
သူနဲ့အတူ ရှိနေတဲ့အချိန်ဆိုရင် အချိန်ဘယ်လို ကုန်လို့ ကုန်သွားမှန်းမသိလိုက်ရင် ဒါချစ်မိနေတာပါပဲ။ သူနဲ့လျှောက်လည်တဲ့ နေ့ဆိုရင် အမြဲအိမ်ပြန်နောက်ကျတတ်ပါတယ်။ သူနဲ့ ရှိတဲ့အချိန်ဆိုရင် ဖုန်းလည်း သိပ်မသုံးတော့ပါဘူး။
၂။ ဗိုက်သိပ်မဆာတော့ဘူး
သူနဲ့ တွေ့ခါနီးဆိုရင် ဘာမှ မစားဘဲနဲ့ ကို ဗိုက်တင်းနေတတ်ပါတယ်။ အရင်က တဇွတ်ဇွတ် စားနေတဲ့ သင်က တွေ့ရမယ့် ရက်တွေဆိုရင် အလိုလို ဗိုက်ထဲ လေတွေနဲ့ ပြည့်ကာ ဗိုက်သိပ်မဆာတော့ပါဘူး။ ဒါက ချစ်မိပြီး စိတ်လှုပ်ရှားနေလို့ပါ။
၃။ သူ့အကြောင်းက ခေါင်းထဲမှာ အချိန်ပြည့် နေရာယူထားတတ်တယ်
မနက်နိုးလည်း သူ့စိတ်၊ အိပ်လည်း သူ့စိတ်ဆိုရင်တော့ သင့်နှလုံးသားလေး အချစ်မီးလောင်ကျွမ်းနေပါပြီ။ သူ့မျက်နှာက သင့်ခေါင်းထဲ အမြဲပေါ်နေတတ်ပြီး မသိစိတ်ကပါ တွေးနေတတ်ပါတယ်။
၄။ တိတ်သွားရင်လည်း အေးဆေးပဲ
မရင်းနှီးနေတဲ့ သူစိမ်းတွေနဲ့ ဆိုရင် ခဏစကားပြောပြီး ရုတ်တရက်ကြီး အသံတိတ်သွားတာမျိုး သင်ကြုံဖူးမှာပါ။ဒီတိတ်ဆိတ်မှုက သင့်အတွက် ထူးဆန်းနေတတ်ပါတယ်။ ဒါကြောင့် ထပ်ပြောဖို့ စကားရှာရတတ်ပါတယ်။ ဒါပေမဲ့ချစ်ရသူနဲ့ အတူရှိရင်တော့ တိတ်ဆိတ်မှုဆိုတာလည်း ဘာမှထူးဆန်းမနေတော့ပါဘူး။
၅။ သူ့အကြောင်း အကုန်သိချင်တယ်
သင်က လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ဒီလူအကြောင်း အသေးစိတ် သိချင်လာပါတယ်။ သူ့ကလေး ဘဝအကြိုက်ဆုံး အရာတွေက ဘာတွေလဲ၊ သူအကြိုက်ဆုံး အစားအသောက် ကဘာလဲ စသဖြင့် သိချင်လာတတ်ပါတယ်။
၆။ ယုံကြည်ရတယ်
ချစ်မိတဲ့ သူတွေမှာ ရှိတတ်တဲ့ အရာတစ်ခုက ယုံကြည်မှုပါ။ သင့်အားနည်းချက်တွေက သူ့အတွက် ဘာမှမထူးဆန်းတော့သလို သူ့အားနည်းချက်တွေကိုလည်း သင်က သိထားကာ ဒါကို လျို့ဝှက်ထားတတ်ပါတယ်။
၇။ အတိတ်က အတိတ်မှာ ကျန်ခဲ့ပါပြီ
သင်က တစ်ယောက်ယောက် ကို တကယ်ချစ်မိသွားတဲ့အခါ သူ့ရဲ့ အတိတ်က အချစ်ရေးတွေကို ခေါင်းထဲ မထည့်တော့ပါဘူး။ သူ့ကို ခွင့်လွှတ်နိုင်ပြီး အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါတော့တယ်။
ဒီအချက်တွေကို သင်ကြုံဖူးခဲ့ပြီလား သင့်အတွေ့အကြုံကို ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar