အလုပ်မှာ စိတ်မကြည်ရင် ခဏခဏဒေါသထွက်ပြီး အလုပ်လုပ်ရတာလည်း အဆင်မပြေတာ၊ အမှားများတာတွေ ဖြစ်တတ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာ စိတ်ကြည်လင်နေဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် အလုပ်မှာ စိတ်မကြည်လင်တာမျိုးမဖြစ်စေဖို့ အမြဲလုပ်ပေးရမယ့် အချက် ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

စောစောအိပ်ပါ

ညဘက်စောစောအိပ်မှ မနက်စောစောထနိုင်မှာပါ။ ဒါမှလည်း အိပ်ရေးဝမှပါ။ အိပ်ရေးဝမှ စိတ်ကြည်လင်မှာပါ။ ညဘက်နောက်ကျမှအိပ်ပြီး မနက်ကျ အိပ်ရေးမဝရင် စိတ်မကြည်၊ ခေါင်းမကြည် ဖြစ်လာပါလိမ့်မယ်။

မနက်စာစားပါ

တစ်နေ့တာလုံး ခွန်အားပြည့်ဝပြီး တက်ကြွလန်းဆန်းစေဖို့အတွက် မနက်စာက အရမ်းကိုအရေးကြီးပါတယ်။ ဒါကြောင့် မနက်စာကိုအလွတ်မခံပဲ အာဟာရပြည့်ဝအောင် ဗိုက်ပြည့်အောင် စားသောက်ပါ။

စိတ်အေးအေးထားပြီးအလုပ်လုပ်ပါ

အလုပ်ရောက်တာနဲ့ အလုပ်လုပ်တဲ့အခါ လောပြီးလုပ်တာ၊ ပျာယာခတ်တာတွေ မဖြစ်ပါနဲ့။ ဘယ်လောက်ပဲ အလုပ်များပါစေ စိတ်အေးအေးထားပြီး အလုပ်လုပ်ပါ။ ဒါဆိုရင် ဖြေးဖြေးချင်းစီ ပြီးသွားပြီး စိတ်လည်းမကြည်စရာအကြောင်း မရှိတော့ဘူးနော်။

အလုပ်အကြွေးမထားပါနဲ့

အလုပ်တွေကို တစ်နေ့စာတစ်နေ့ ပြီးအောင်လုပ်ပါ။ အလုပ်အကြွေးထားရင် အလုပ်တွေပုံပြီး stress တွေများလာမယ်၊ အလုပ်လုပ်ချင်စိတ်မရှိတော့ပဲ စိတ်တိုဒေါသထွက်လာမယ်၊ စိတ်မကြည်လင်တာတွေ ဖြစ်လာပါလိမ့်မယ်။

စိတ်ညစ်စရာတွေကိုလုပ်ငန်းခွင်ပြင်ပမှာပဲထားခဲ့ပါ

စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေရှိနေရင် လုပ်ငန်းခွင်ပြင်ပမှာပဲ ထားခဲ့ပါ။ အလုပ်အထိ သယ်မလာပါနဲ့။ အလုပ်အထိသယ်လာရင် အလုပ်မလုပ်နိုင်ပဲ စိတ်ညစ်စရာတွေဆီပဲ စိတ်ရောက်ပြီး တစ်နေကုန် ဒေါသထွက်လိုက်၊ စိတ်မကြည်လိုက်နဲ့ အလုပ်ပါထိခိုက်စေပါတယ်။

လုပ်ငန်းခွင်ကသူတွေနဲ့အဆင်ပြေအောင်နေပါ

လုပ်ငန်းခွင်ကသူတွေနဲ့ အဆင်မပြေရင် အလုပ်ရောက်တာနဲ့ စိတ်ညစ်နေပါလိမ့်မယ်။ လုပ်ငန်းခွင်ကသူတွေနဲ့သာ အဆင်ပြေနေရင် အလုပ်လုပ်ရတာ ပျော်ရွှင်ပြီး စိတ်လည်းပေါ့ပါးပြီး ကြည်လင်နေမှာပါ။

အလုပ်စားပွဲကိုသပ်သပ်ရပ်ရပ်ထားပါ

အလုပ်စားပွဲက ရှုပ်ပွပြီး ညစ်ပတ်နေရင် စိတ်ရှုပ်ထွေးစေပါတယ်။ အလုပ်လုပ်ရတာလည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်နဲ့ သန့်ရှင်းအောင်၊ လှလှပပလေးဖြစ်အောင်၊ မြင်တာနဲ့ထိုင်ပြီး အလုပ်လုပ်ချင်စရာကောင်းအောင် ပြင်ဆင်ထားလိုက်ပါ။