ကိုယ့်ဘဝအတွက် အသက် ၂၀ ကျော်အရွယ်မှာ စတင်ပြုလုပ်သင့်တဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ပိုင်ဝင်ငွေရှိအောင်လုပ်ပါ

အသက် ၂၀ ကျော်အရွယ်မှာ ကိုယ်ပိုင်ဝင်ငွေရှိအောင် အလုပ်တစ်ခုခုတော့ လုပ်ရပါမယ်။ အလုပ်လုပ်ရင်းနဲ့ ရင့်ကျက်လာမှာပါ။ အသက် ၂၀ လောက်ထဲကသာ လုပ်ငန်းခွင်ကို ဝင်နေမယ်ဆိုရင်တော့ ၂၅နှစ် ကျော်လာတဲ့အခါမှာ အလုပ်အကြောင်းကို ကောင်းကောင်းသိလာပြီး ဒီထက်ပိုတိုးတက်လာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီးများလာမှာပါ။

ပိုက်ဆံစုဖြစ်အောင်စုပါ

ကိုယ်ပိုင်ဝင်ငွေရှိမှ ပိုက်ဆံစုလို့ရပါမယ်။ ကိုယ်ရှာသမျှကို သုံးဖြုန်းနေမယ်ဆိုရင်တော့ သူများလက်အောက်မှာပဲ အလုပ်လုပ်နေရမှာပါ။ ဒါကြောင့် ပိုက်ဆံကိုစုဖြစ်အောင်စုထားမှ တစ်ချိန်ကျရင် ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အရင်းအနှီးကောင်းကောင်း ရှိနေမှာပါ။

တစ်ခုခုလုပ်ဖို့မကြောက်ပါနဲ့

တစ်ခုခုကို စတင်ပြီးလုပ်ဖို့အတွက် ကြောက်နေမယ်ဆိုရင်တော့ ဘာမှဖြစ်မြောက်မှာ မဟုတ်ပါဘူး။ အသက် ၂၀ ကျော်လောက်ထဲက ဘယ်အရာကိုပဲဖြစ်ဖြစ် မလုပ်တတ်တာ၊ မသိတာမရှိအောင် အားလုံးကို လုပ်ကြည့်ပါ။ အသစ်တွေကိုလေ့လာပြီး ကြိုးစားကြည့်ပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

ငယ်ငယ်ထဲက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် နေဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် ဘာကိုမှလုပ်ရဲမှာ မဟုတ်ပါဘူး။ ဘယ်အရာကိုမဆို ဖြစ်အောင်လုပ်မယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ထားပြီး ကြိုးစားရင်တော့ ကိုယ်လိုချင်တဲ့အောင်မြင်မှုကို ရရှိမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူက သူများကိုလည်း အားကိုးနေစရာမလိုပါဘူး။ တစ်ယောက်ထဲလည်း ရပ်တည်နိုင်ပါတယ်။

တခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ လိုက်ပြီးနှိုင်းယှဉ်နေမယ်ဆိုရင်တော့ အမြဲတမ်းသိမ်ငယ်စိတ်ဝင်ပြီး အလိုမကျဖြစ်နေမှာပါ။ အပြည့်အဝလည်း ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင်နေပါ။

မိသားစုကိုအချိန်ပေးပါ

ကိုယ်အသက်ကြီးလာတာနဲ့အမျှ ကိုယ့်မိဘတွေလည်း အသက်ကြီးလာပြီ တစ်ဖြေးဖြေးနဲ့ အိုလာပါပြီ။ ဒါကြောင့် ကိုယ့်မိဘနဲ့ မိသားစုကို အရင်ထက်ပိုဂရုစိုက်ပြီး အချိန်ပေးပါ။ ရှိတုန်းမှာတန်ဖိုးထားပြီး ဆက်ဆံပေးပါ။ ကိုယ်ကတစ်ဖန်ပြန်ပြီး လုပ်ကျွေးပြုစုရပါမယ်။

အချစ်ရေးအတွက်နဲ့အချိန်မကုန်ပါနဲ့

အသက် ၂၀ ကျော်အရွယ်က ကိုယ့်ဘဝတက်လမ်းအတွက် ကြိုးစားလို့အကောင်းဆုံး အချိန်ပါပဲ။ ဒီအချိန်မှာ အချစ်ရေးအတွက်နဲ့ အချိန်ကုန်ပြီး ပူလောင်နေတာမျိုး မဖြစ်ပါစေနဲ့။ အချစ်စစ်မတွေ့သေးလို့လည်း စိတ်ညစ်နေစရာမလိုပါဘူး။ ကိုယ့်အသက်က ၂၀ ကျော်မို့ ငယ်ငယ်လေးရှိပါသေးတယ်။