စိတ်ဖိစီးမှုနဲ့ ဖိအားတွေဆိုတာ လူတိုင်း အနည်းနဲ့အများကြုံတွေ့ရတတ်တဲ့ ပြဿနာတွေပါပဲ။ ဥပမာအနေနဲ့ အလုပ်တွေပုံလာတဲ့အခါ၊ ဘေးကလူတွေနဲ့ အဆင်မပြေတဲ့အခါမျိုးတွေမှာ စိတ်ဖိစီးမှုကိုခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှုများတာက နေ့စဉ်ဘဝနေထိုင်မှုကို ကမောက်ကမ ဖြစ်စေပြီး စိတ်ဓာတ်ကျလွယ်လာတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကိုလျစ်လျူရှုမထားဘဲ Stress လျော့နည်းစေဖို့ ကိုယ့်စိတ်ကိုဖြေးဖြေးချင်း ပြောင်းလဲပေးတာ၊ ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်တာတွေ ပြုလုပ်ပေးဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာ စိတ်ဖိစီးမှုများနေတဲ့သူတွေ အထောက်အကူဖြစ်စေမယ့် Stress လျော့နည်းစေဖို့ပြုလုပ်နိုင်တဲ့ အရာတွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။

၁။ ပတ်ဝန်းကျင်ကိုသန့်ရှင်းအောင်ထားပါ


ကိုယ့်စိတ်ကိုရှင်းအောင်ထားနိုင်ဖို့ ဘေးပတ်ဝန်းကျင်ကိုပါသန့်ရှင်းအောင်ထားဖို့လိုပါတယ်။ အသုံးမလိုတော့တဲ့ပစ္စည်းတွေကိုရှင်းပစ်လိုက်တာကလည်း သင့်ကိုအသက်ရှုချောင်စေပြီး စိတ်ပေါ့ပါးလာစေပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းလုပ်တာက ကိုယ်တွင်း Stress ဟော်မုန်းပမာဏကိုထိန်းညှိပေးနိုင်တာကြောင့် စိတ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေလျော့ကျစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းတိုးစေတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ပါ ကူညီပေးနိုင်တာကြောင့် အိပ်ချိန်ကောင်းကောင်းရပြီး စိတ်ကြည်လင်လာစေမှာပါ။ ဒါကြောင့် သိသိသာသာ Stress လျော့စေဖို့ လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းအချို့ကို ပုံမှန်ပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။

၃။ ပူစီနံနဲ့ရေနွေးကြမ်းသောက်ပါ


ပူစီနံအနံ့ကြိုက်သူတွေအနေနဲ့ Stress ပြေလျော့စေဖို့ ရေနွေးကြမ်းထဲမှာ ပူစီနံရွက်အနည်းငယ်ထည့်ပြီး သောက်နိုင်ပါတယ်။ လေ့လာမှုတွေအရ ပူစီနံရေနွေးကြမ်းက စိတ်ပင်ပန်းမှုပျောက်စေပြီး လန်းဆန်းတက်ကြွလာစေတာကိုတွေ့ရပါတယ်။

၄။ လုပ်စရာရှိတာကို ကြိုပြီးစီစဉ်ထားပါ


ငယ်ငယ်က မနက်ပိုင်းကျောင်းသွားဖို့ လိုအပ်တဲ့စာအုပ်တွေ ညပိုင်းကတည်းကအဆင့်သင့်ထည့်ထားသလို သင့်အနေနဲ့လည်း ကိုယ်လုပ်ရမယ့်တာဝန်တွေကို Schedule ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်ကို ပြုလုပ်ပေးဖို့လိုပါတယ်။ ဒါကသင့်ကိုစိတ်စုစည်းမှုအားကောင်းစေပြီး စိတ်လေနေတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ကိုယ်ကြိုက်တဲ့သီချင်းတွေနားထောင်ပါ


သီချင်းနားထောင်တာက အလွယ်ကူဆုံးနဲ့ထိရောက်တဲ့ စိတ်အပန်းဖြေနည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့် စိတ်ဖိစီးလာတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့သီချင်းအချို့ကိုနားထောင်ပေးပါ။

၆။ သူငယ်ချင်းတွေနဲ့စကားပြောပါ


တစ်ခါတစ်ရံမှာ သူငယ်ချင်းတွေက သင့်ကို အကြံကောင်းတွေပေးနိုင်တာဖြစ်လို့ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းကို သင့်အကြောင်းရင်ဖွင့်လိုက်တာက သင့်စိတ်ကိုပေါ့ပါးသွားစေမှာပါ။ တစ်ယောက်ထဲနေတတ်သူတွေကတော့ ကိုယ့်ရဲ့ Stress နဲ့ပတ်သက်ပြီး စာအုပ်တစ်အုပ်မှာချရေးထားသင့်ပါတယ်။

၇။ တစ်ရေးတစ်မောအိပ်ပါ


Stress များလာတဲ့အခါ တစ်ရေးတမောအိပ်ပေးတာကလည်း သင့်အတွေးတွေကိုရှင်းလင်းစေပြီး ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ Cortisol လို့ခေါ်တဲ့ ကိုယ်တွင်းစိတ်ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှုလည်းလျော့ကျစေတာကြောင့် Stress များလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခဏအနားပေးဖို့မမေ့သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar