တစ်ခုခု စလုပ်တော့မယ့်အချိန်တိုင်း မလုပ်ဖြစ်ဘဲ နောက်ဆုတ်နေရတတ်လား။ ကိုယ့်မှာ ဖန်တီးနိုင်စွမ်းမရှိဘူးဆိုတဲ့ အထင်နဲ့ မလုပ်ဖြစ်တာတွေ ရှိလား။ အားလုံးရဲ့နောက်မှာ ကျန်ခဲ့တယ်လို့ ခံစားရအောင် ပြုလုပ်နေတဲ့ တရားခံက သင်ကိုယ်တိုင်ပါပဲ။ အောက်မှာဖော်ပြထားတဲ့အပြုအမူတွေကတော့ သင့်ရဲ့ တီထွင်နိုင်စွမ်းရည်ကို သင်ကိုယ်တိုင် ဖျက်ဆီးမိနေတဲ့အပြုအမူတွေပဲဖြစ်ပါတယ်။

၁။ သင့်ကိုယ်သင်မယုံတာ

ကိုယ့်ကိုကိုယ်မယုံကြည်ဘဲ ဘယ်သူက သင့်ကို ယုံကြည်မလဲ ပြန်စဉ်းစားကြည့်ပါ။ ငါမလုပ်နိုင်လောက်ဘူး၊ ငါမရလောက်ဘူး စတဲ့အထင်တွေက သင့်ကိုယ်သင်မယုံကြည်ဘူးဆိုတာ သက်သေပြနေတဲ့ အမူအကျင့်တွေပါ။

၂။ ငါအဆင်သင့်မဖြစ်သေးဘူး

ငါဒီအလုပ်စဖို့ အဆင်သင့်မဖြစ်သေးဘူး။ ငါ့မှာ လိုအပ်တာတွေ မပြည့်စုံသေးဘူး စတဲ့ ဆင်ခြေတွေပေးဖူးလား။ တစ်ခုခုစလုပ်ဖို့ မှန်ကန်တဲ့အချိန်ကို စောင့်ဆိုင်းမနေပါနဲ့။ ပြီးပြည့်စုံတဲ့အချိန်က အခုပါပဲ။

၃။ ကိုယ်မှန်းသလိုဖြစ်မလာမှာတွေးကြောက်တာ

စိုးရိမ်မှုတွေ ကြောင့်ကြမှုတွေက တီထွင်နိုင်စွမ်းကို ပိတ်ဆို့နေတဲ့ အဓိကအရာတွေပါ။ ကိုယ့်ကိုကိုယ်ယုံကြည်ပြီး ကြိုးစားကြည့်ပါ။ ရလာမယ့် ရလဒ်ကို မတွေးပါနဲ့ဦး။

၄။ တခြားလူတွေလောက် မတော်ဘူးလို့ ထင်နေတာ

ကျွန်မတို့ နေ့တိုင်း လုပ်နေမိတဲ့အရာတစ်ခုက သူများနဲ့ နှိုင်းယှဉ်တာပါ။ ဒီအကျင့်ကို တိုက်ထုတ်နိုင်အောင် ကြိုးစားပါ။ အခြားသူတွေနဲ့ ပြိုင်မယ့်အစား ကိုယ့်ကိုကိုယ် ပြိုင်ပါ။ မနေ့ကငါထက် ဒီနေ့ငါကို ပိုတော်အောင် ကြိုးစားပါ။


၅။ အတိတ်က ကျရှုံးမှုတွေကို မမေ့နိုင်သေးတာ

အတိတ်က အရာတွေ ကျရှုံးမှုတွေကြောင့့် အတိတ်မှာပဲ မနေပါနဲ့။ အတိတ်က ဖြစ်ခဲ့သမျှကို သင်ခန်းစာယူပါ။ လက်ရှိအချိန်မှာ ဒါမျိုးထပ်မဖြစ်ရအောင် သတိထားပြီး ဆက်လုပ်ပါ။

၆။ အလုပ်များလွန်းတာ

အလုပ်တွေများတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မလုပ်ဖြစ်တဲ့အရာတွေရှိမှာပါ။ အလုပ်များတာက များတိုင်း မကောင်းပါဘူး။ ကိုယ်လုပ်ချင်တဲ့အရာ ကိုယ်တီထွင်ချင်တဲ့အရာအတွက် ထွက်ပေါက်ပေးပါ။


၇။ ထိုင်စောင့်နေတာ

အခွင့်အရေးကို ထိုင်စောင့်နေတဲ့ အကျင့်ရှိရင်တော့ သင်ချက်ချင်းပြင်သင့်ပါတယ်။ ထိုင်စောင့်မနေဘဲ လုပ်စရာရှိတာကို ချက်ချင်းစလုပ်လိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar