အိပ်မပျော်တဲ့ရောဂါ Insomnia ကို ခံစားနေရတဲ့သူတွေအတွက် လုပ်ကြည့်ဖို့လိုတဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။ ညဘက်အိပ်မပျော်တာက အကျင့်ကြီးဖြစ်သွားရင် Isomnia ကို ခံစားလာရတာပါပဲ။ ကြာလာရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အရာလေးတွေကို လုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

စောစောအိပ်ပါ

အိပ်ပျော်သည်ဖြစ်စေ၊ အိပ်မပျော်သည်ဖြစ်စေ စောစောအိပ်ယာဝင်ပြီး ကြိုးစားအိပ်ကြည့်ပါ။ စစချင်းမှာတော့ အိပ်မပျော်ပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ အချိန်ကုန်ပြီး ကိုယ်အိပ်ပျော်နေကျအချိန်မှ အိပ်ပျော်သွားမှာပါ။ အဲ့ဒါကိုပဲ အကျင့်လုပ်ပြီး စောစောအိပ်ယာဝင် အိပ်မယ်ဆိုရင် အကျင့်ဖြစ်ပြီး နောက်ဆို စောစောအိပ်ပျော်သွားမှာပါ။

သန့်ရှင်းရေး

ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အတွက် ကိုယ့်အိပ်ခန်းနဲ့ အိပ်ယာကို သန့်ရှင်းသပ်ရပ်အောင် ထားဖို့လိုပါတယ်။ အနံ့အသက်တွေရှိပြီး အခန်းက ရှုပ်ပွညစ်ပတ်နေရင် အိပ်မပျော်တာ ပိုဖြစ်စေပါတယ်။ ခန္ဓာကိုယ်လည်း ယားယံပြီး အိပ်မပျော်ဖြစ်စေပါတယ်။

နောက်ကျမှမစားပါနဲ့

အစားအသောက်ကို အချိန်နဲ့မစားပဲ အရမ်းနောက်ကျမှစားသောက်ရင် အစာမကြေဖြစ်ပြီး နေလို့မကောင်းတဲ့အတွက် တော်ရုံနဲ့အိပ်မပျော်တော့ပါဘူး။ ဒါကြောင့် နောက်ကျမှ စားသောက်တာမျိုး မလုပ်ပါနဲ့။

ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ

ညနေဘက်၊ ညဘက်မှာ ကော်ဖီနဲ့ လက်ဖက်ရည်သောက်တာကို ဆင်ခြင်ဖို့လိုပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်က မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်စေပါတယ်။

Screen Time လျှော့ပါ

ဖုန်း၊ ကွန်ပြူတာ၊ တီဗီ ကြည့်ပြီး Screen Time များနေရင်လည်း တော်ရုံနဲ့အိပ်မပျော်ပါဘူး။ ဒါကြောင့် Screen Time လျှော့ဖို့လိုပါတယ်။ ၁၀ နာရီမှာ အိပ်ယာဝင်မယ်ဆိုရင် ၈ နာရီကစပြီး Screen Time မကြည့်ပါနဲ့တော့။

တရားထိုင်၊ ယောဂကျင့်ပါ

အိပ်ခါနီးမှာ Screen Time အနားပေးလိုက်တဲ့အတွက် အဲ့အချိန်မှာ ဘာလုပ်ရမလဲဆိုရင် တရားထိုင်တာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အမြန်ဆုံးအိပ်ပျော်အောင် ကူညီပေးနိုင်တဲ့ ယောဂကျင့်စဉ်တွေကို ရွေးလုပ်ပါ။

စာအုပ်ဖတ်ပါ

တရားထိုင်တာ၊ ယောဂကျင့်တာ မလုပ်ချင်ရင် စာအုပ်ဖတ်လို့လည်း ရပါတယ်။ စာအုပ်ဖတ်ရင်းနဲ့ မျက်စိညောင်းပြီး အိပ်ချင်လာပါလိမ့်မယ်။