ကိုးရီးယား၊ ဂျပန်၊ ထိုင်းအစရှိတဲ့ အာရှသူတော်တော်များများဟာဆိုရင် အသက်အရွယ်ရတဲ့အထိ အသားအရေမပျက်စီးဘဲ ကြီးလေနုလာလေဖြစ်အောင် ထိန်းသိမ်းတတ်ကြပါတယ်။ ဒါကြောင့် သူတို့ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီတစ်ခေါက်မှာ အသားအရေ ထိန်းသိမ်းချင်တဲ့ပျိုမေတို့ အတုယူနိုင်ဖို့အတွက် အာရှသူလေးတွေရဲ့ အိုမင်းရင့်ရော်ခြင်းနှေးကွေးစေတဲ့ အသားအရေထိန်းသိမ်းမှုနည်းတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ အသက် (၅၀) လောက်ထိ နုပျိုနေချင်သူတိုင်း ဖော်ပြထားတဲ့နည်းလမ်းတွေကို အချိန်ပေးပြုလုပ်ဖို့မမေ့ပါနဲ့နော်။

၁။ ဆန်ဆေးရေသုံးပါ

ဆန်ဆေးရေက ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတွေရဲ့ Skincare ပစ္စည်းတွေမှာပါဝင်လေ့ရှိပြီး သူ့မှာ အိုမင်းရင့်ရော်ခြင်းကင်းပြီး အသားအရေကြည်လင်စေတဲ့ အာနိသင်တွေပါဝင်ပါတယ်။ သင့်အနေနဲ့ ဆန်ဆေးရေပါဝင်တဲ့ Skincare ပစ္စည်းတွေ ဒါမှမဟုတ် အိမ်မှာကိုယ်တိုင်ပြုလုပ်ပြီးတော့လည်း အသုံးပြုလို့ရပါတယ်။ မျက်နှာမသစ်ခင်မှာ ဆန်ဆေးရေနဲ့အရင်သစ်ချလိုက်ပါ။ အသားအရေအစိုဓာတ်အတွက် ဖြန်းဆေးအနေနဲ့လည်းသုံးလို့ရပါတယ်။ မျက်နှာအပြင် ပျော့ပြောင်းတောက်ပတဲ့ ဆံသားရရှိဖို့အတွက်လည်း ဆန်ဆေးရေကကူညီပေးနိုင်ပါတယ်။

၂။ မျက်နှာကို အဆင့်နှစ်ဆင့်နဲ့သန့်စင်ပေးရမယ်

Double Cleansing ကိုအာရှအမျိုးသမီးတွေမကြာခဏပြုလုပ်တတ်ကြပြီး သူက မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ သတိမထားမိတဲ့ မိတ်ကပ်အကြွင်းအကျန်တွေအကုန်လုံးကိုဖယ်ရှားပေးနိုင်ပါတယ်။ ချွေးပေါက်တွေအပေါ်က မလိုအပ်တဲ့အဆီတွေကိုဖယ်ရှားနိုင်ဖို့အတွက် အရင်ဆုံး Oil-Based ဖြစ်တဲ့ Cleanser ကိုအသုံးပြုပေးရပါမယ်။ ပြီးနောက်မှာတော့ ရေဓာတ်ဖြည့်ပြီးသန့်စင်ပေးနိုင်တဲ့ မျက်နှာသစ်ဆေးကိုအသုံးပြုပေးပါ။

၃။ စပါးလင်ကို ရေနွေးနဲ့ ဖျော်သောက်ပါ

စပါးလင်ကို အာရှနိုင်ငံတွေက ဟင်းလျာတွေရဲ့အနံ့သင်းဖို့အတွက် ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။ စပါးလင်ခပ်ပါးပါးလှီးပြီး ရေနွေးနဲ့စိမ်သောက်တာက သင့်ကိုယ်ခန္ဓာအတွင်းအဆိပ်အတောက်ပျယ်ပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ သူ့မှာ အိုမင်းခြင်းနဲ့အရေပြားဖောယောင်ခြင်းကို လျော့ကျစေပီး အမျိုးသမီးများ ရာသီချိန်အတွင်း ဗိုက်နာခြင်းကိုပါ သက်သာစေတဲ့အာနိသင်တွေပါဝင်ပါတယ်။

၄။ အသားအရေနဲ့ဆံသားအတွက် ကြက်ဆူဆီလိမ်းပေးပါ

သဘာ၀ ကြက်ဆူဆီက ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားကိုအစိုဓာတ်ဖြည့်ပေးပြီး နူးညံ့လာစေပါတယ်။ ဦးရေပြားထိနှိပ်နယ်ပြီးလိမ်းပေးမယ်ဆိုရင် ဗောက်ပြဿနာကိုပါဖြေရှင်းပြီးသားဖြစ်စေမှာပါ။ ကြက်ဆူဆီက မျက်နှာအသားအရေကိုအစိုဓာတ်ထိန်းပေးပြီး အရေးအကြောင်းပေါ်ခြင်းတွေကိုပါ သက်သာစေတာကြောင့် ငယ်ရွယ်တဲ့အချိန်ကတည်းက အသုံးပြုဖို့အကြံပြုချင်ပါတယ်။ မျက်တောင်ရှည်ချင်သူတွေအနေနဲ့လည်း ကြက်ဆူဆီကို မျက်တောင်အဖျားတွေမှာ လိမ်းပေးနိုင်ပါတယ်။

၅။ Sheet Mask တွေကပ်ပေးပါ

အာရှသူအများစုက ကြည်လင်တဲ့အသားအရေအတွက် Mask ကပ်လေ့ရှိကြပါတယ်။ ဒါကြောင့် အစိုဓာတ်နဲ့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးမယ့် အာနိသင်တွေပါဝင်တဲ့ Mask အမျိုးအစားအချို့ကို ပုံမှန်အသုံးပြုပေးဖို့ လိုပါတယ်။

၆။ ခရုကောင်ရဲ့ Mucin အချွဲဓာတ်တွေပါဝင်တဲ့ Skincare ပစ္စည်းတွေအသုံးပြုပါ

အာရှနိုင်ငံတွေရဲ့ Skincare ပစ္စည်းတွေမှာ Snail Mucin လို့ခေါ်တဲ့ခရုရဲ့အချွဲအာနိသင်ကိုထည့်သွင်း အသုံးပြုတတ်ကြပါတယ်။ သူ့မှာ အသားအရေအတွက်ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Hyaluronic Acid နဲ့ အရွယ်တင်နုပျိုစေတဲ့ Glycolic Acid တွေပါဝင်နေပါတယ်။ ဥပမာအနေနဲ့ Snail Mucin ပါဝင်တဲ့ Essence ကို အသက် ၂၅ နှစ်လောက်ကစပြီး သုံးပေးမယ်ဆိုရင် အရွယ်ရလာတဲ့အခါ အရေးအကြောင်းကင်းပြီး အသားအရေနုပျိုတင်းရင်းနေဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။

၇။ Jade နဲ့ပြုလုပ်ထားတဲ့ Face Roller အသုံးပြုပေးပါ

Face Roller သုံးပြီး နှိပ်နယ်ပေးတာက မျက်နှာကို သွေးလည်ပတ်မှုကောင်းစေပြီး မျက်အိတ်နဲ့ မျက်နှာဖောင်းခြင်းကိုလျှော့ချနိုင်ပါတယ်။ ဒါ့အပြင် Skincare အသုံးပြုပြီးနောက် နှိပ်နယ်ပေးတာက ကိုယ်သုံးတဲ့ပစ္စည်းကို အသားထဲပိုစိမ့်ဝင်စေတဲ့အပြင် မျက်နှာအရေးအကြောင်းတွေကိုလည်း သက်သာစေပါတယ်။

Photo Source: Brightside.me