တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်ပြီး မှားယွင်းစွာ ပြုလုပ်မိတတ်တဲ့အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ကိုယ်တိုင်လုပ်မိနေတာတွေ ပါနေရင်လည်း ဆင်ခြင်လို့ရမှာပါ။

Pads

အမျိုးသမီးတွေအနေနဲ့ ရာသီလာစဉ်မှာသုံးတဲ့ menstrual pads တွေကို တစ်နေကုန်မလဲပဲနေတာမျိုး၊ တစ်နေ့ ၂ ကြိမ်လောက်ပဲ လဲတာမျိုး မလုပ်ပါနဲ့။ ၄ နာရီခြားတစ်ခါ လဲရပါမယ်။ သွေးဆင်းတာများတဲ့သူတွေဆို ၂ နာရီခြားတစ်ခါ လဲပေးသင့်ပါတယ်။ အဖြူဆင်းတဲ့အခါမှာသုံးတဲ့ pads တွေဆိုရင်တော့ ၃ နာရီခြားတစ်ခါ လဲပေးရပါတယ်။

နားသန့်ရှင်းရေးလုပ်တဲ့အခါ

နားကလော်တဲ့အခါ၊ နားသန့်ရှင်းရေး လုပ်တဲ့အခါမှာ ကလစ်အမဲတွေ၊ သံနဲ့လုပ်ထားတဲ့ နားကလော်တဲ့အတံတွေနဲ့ မလုပ်ပါနဲ့။ နားအတွက် အန္တာရယ်များပါတယ်။ နားကလော်တဲ့ ဂွမ်းတံလေးတွေနဲ့ပဲ သန့်ပေးပါ။ ဒါတောင်မှ ခဏခဏမလုပ်သင့်ပါဘူး။

Exfoliate လုပ်တဲ့အဖတ်

ရေချိုးတဲ့အခါမှာ ပွတ်တိုက်ဂျီးချွတ်တဲ့ exfoliate အဖတ်ကို နေ့တိုင်း ရေချိုးတိုင်း မတိုက်ပါနဲ့။ အသားခြောက်တာ၊ အသားအရေနီရဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လောက်ပဲ လုပ်ပေးပါ။

Shoe ဖိနပ်အတွင်းခုံ

Shoe ဖိနပ်အတွင်းခုံအပြားတွေကို မလဲပဲမနေပါနဲ့။ ဘတ်တီးရီးယားတွေကပ်ပြီး ခြေထောက်အနံ့နံစေပါတယ်။ ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။ ဒါကြောင့် ၆ လ တစ်ကြိမ် (သို့) ၁၂ လ တစ်ကြိမ် လဲပေးပါ။

ဂျိုင်းကို Scrub လုပ်တဲ့အခါ

ဂျိုင်းကို scrub လုပ်တဲ့အခါမှာ အရမ်းသတိထားရပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ရင်၊ scrub အသားကြမ်းတာတွေ သုံးမိရင် ဂျိုင်းမဲတာ၊ နီရဲပြီးစပ်တာတွေ ဖြစ်ပြီး sensitive ဖြစ်လာပါလိမ့်မယ်။ ဂျိုင်းကို scrub လုပ်ရင် scrub သား နူးညံ့တာနဲ့ ဖြေးဖြေးချင်းစီပဲ ပွတ်ပေးပါ။ တစ်ပတ် ၂ ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

Antibacterial ဆပ်ပြာ

Antibacterial ဆပ်ပြာတွေနဲ့ နေ့တိုင်းလက်ဆေးမယ်ဆိုရင် လက်အသားအရေ ခြောက်သွေ့ကြမ်းတမ်းပြီး အရေခွံကွာတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် နေ့တိုင်းသုံးတာကို ဆင်ခြင်သင့်ပါတယ်။

သွားတိုက်တဲ့အခါ

သွားတိုက်တဲ့အခါမှာ သွားပွတ်တံနဲ့ ကြမ်းကြမ်းတမ်းတမ်း အတင်းပွတ်တိုက်တာမျိုးတွေ၊ အားနဲ့ဖိတိုက်တာမျိုးတွေ မလုပ်ပါနဲ့။ သွားကျန်းမာရေးအတွက် မကောင်းပါဘူး။ ပုံမှန်လေးပဲ သေချာစနစ်တကျ တိုက်ပေးပါ။