မင်္ဂလာပါနော်။ ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ ပေါင်နဲ့ခြေသလုံးအဆီတွေကျဖို့ Workout လုပ်နေတဲ့သူတွေရှိလား။ ဒီလိုလေ့ကျင့်ခန်းတွေက ပြင်းပြင်းထန်ထန်လုပ်မိရင် ပေါင်တွေတောင့်တာ၊ ကြွက်သားနာကျင်တဲ့ဒဏ်တွေ ခံစားရတတ်တာမို့ Workout လုပ်ပြီးတိုင်း အကြောပြန်လျှော့ပေးဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးအတွက် အကြောလျှော့နည်းတွေ မတူပါဘူးနော်။ ဒီတစ်ခေါက်မှာတော့ ခန္ဓာကိုယ်အောက်ပိုင်း Workout လုပ်မယ့်သူတွေ တွဲလုပ်ပေးသင့်တဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
Forward Fold

ပထမဆုံး သွေးပူလေ့ကျင့်ခန်းလည်းဖြစ်တဲ့ ခြေထောက်ဆန့်ရပ်ကာ ခန္ဓာကိုယ်ကုန်းပြီး ဒူးမကွေးစေဘဲ လက်တွေကိုရသလောက် ကြမ်းပြင်မှာထိပေးရတဲ့ Forward Fold လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ စိတ်လျှော့ထားပြီး စက္ကန့် ၃၀ လောက် ဒီအနေအထားအတိုင်းနေပေးပါ။
Sumo Squat Twist Stretch

ပေါင်အတွင်းပိုင်းက တင်းနေတဲ့ကြွက်သားတွေပြေလျော့ဖို့ Sumo Squat ပုံစံ ဒူးကားပြီး လက်နဲ့ထောက်ကာ မျက်နှာတစ်ဖက်လှည့်ပေးရတဲ့လေ့ကျင့်ခန်းလေးလုပ်ပေးပါ။ စက္ကန့် ၃၀ တစ်ကြော့ တစ်ဖက်စီပြောင်းပြီး လုပ်ပေးရပါမယ်။
Side Lunges Stretch

ပုံထဲကလို ခြေထောက်တစ်ဖက်ဆန့်ထုတ်ကာ ကျန်တစ်ဖက် ဒူးကွေးပြီး အားပြုထားပါ။ ဒီအတိုင်းတစ်ဖက်ချင်းပြောင်းပြီး ကွေးလိုက်ဆန့်လိုက်လုပ်ပေးရပါမယ်။ သူ့ကိုလည်း အနည်းဆုံး စက္ကန့် ၃၀ လုပ်ပေးပါ။
Crescent Lunges

သူ့ကိုလည်း ဒူးတစ်ဖက်ကွေးကာ လက်မြှောက်ထားပြီး ခြေထောက်တစ်ဖက်ကို နောက်ဘက်ဆန့်ထုတ်လိုက်ပါ။ လက်မြှောက်ထားတဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို နောက်ပြန်ကော့လိုက် ပြန်မတ်လိုက် လုပ်ပေးရပါမယ်။ ဒီအတိုင်း ခြေထောက်တစ်ဖက်ချင်းပြောင်းပြီး စက္ကန့် ၃၀ စီလုပ်ပေးပါ။
Pigeon Pose

Yoga Pose တစ်မျိုးဖြစ်ပြီး သူ့ကိုလည်း ခြေထောက်တစ်ဖက်နောက်ကိုဆန့်ထုတ်ကာ တစ်ဖက်ကို ကွေးထိုင်ပြီး လက်ထောက်ထားရမှာပါ။ စက္ကန့် ၃၀ လောက် ဒီအနေအထားအတိုင်းထားကာ ဘက်ပြောင်းလုပ်နိုင်ပါတယ်။
Seated Spinal Twist

ပုံပါအတိုင်း Seated Spinal Twist ကိုလည်း တစ်ဖက်ချင်းပြောင်းကာ စက္ကန့် ၃၀ စီလုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရသလောက် လှည့်ပေးပါနော်။ တင်ပါးနဲ့ ပေါင်ကြောတစ်လျှောက်က တင်းနေတဲ့အကြောတွေ ပြေလျော့စေပါလိမ့်မယ်။
Butterfly Stretch

ခန္ဓာကိုယ်အောက်ပိုင်း အကြောပြေဖို့ Butterfly Stretch လေးလုပ်ပေးပါနော်။ ပုံထဲကလို ဒူးကွေးကာ ခြေဖဝါးအချင်းချင်းနဲ့ထိပြီး လက်နဲ့ ခြေချောင်းထိပ်တွေကို ထိန်းပေးထားရမှာပါ။ သူ့ကိုတော့ တောင့်ထားနိုင်သလောက် တစ်မိနစ်လောက်ရအောင်လုပ်ပေးနိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar