အားလုံးပဲ မင်္ဂလာပါနော်။ တစ်ချို့ Celebrity တွေကို ကြည့်လိုက်ရင် ဆံပင်မဖြောင့်ထားလည်း ဆံနွယ်လေးတွေဝဲပြီး အိစင်းနေတာမျိုးကို တွေ့ဖူးကြမယ်ထင်ပါတယ်။ ပျိုမေတို့ထဲမှာ ကိုယ်လည်း သူတို့လိုဆံသားမျိုး လိုချင်လိုက်တာလို့ တွေးနေမိတဲ့သူတွေရှိလား။
ဒါဆိုရင်တော့ ရှည်ရှည်ဝေးဝေးရှာစရာမလိုတော့ပါဘူး။ ဒီတစ်ခေါက်ဆောင်းပါးမှာ ဖြောင့်စင်းပြီး နူးညံ့နေတဲ့ ဆံသားအိအိလေးပိုင်ဆိုင်ချင်တဲ့ ပျိုမေတိုင်းအတွက် ရိုရိုးရှင်းရှင်းနဲ့ ပုံမှန်လုပ်လို့ရတဲ့ ဆံသားထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ကိုယ့်ဆံသားအမျိုးအစားအလိုက် Hair Products တွေရွေးချယ်ပါ

သင်က ပုံမှန်အားဖြင့် အဆီပြန်ဆံသားရှိသူ ဒါမှမဟုတ် ခြောက်သွေ့လွယ်ဆံသားရှိတဲ့သူလား စတဲ့ ကိုယ့် Hair Type ကိုအရင်ဆုံး သိအောင်လုပ်ပြီးမှ ကိုယ်သုံးမယ့် Hair Products လေးတွေကို ရွေးချယ်ပေးဖို့ လိုပါတယ်နော်။ ဒါမှ တကယ်တမ်း သင့်ဆံပင်အတွက်ထိရောက်မှုရှိမှာပါ။ ဒီလိုမဟုတ်ဘဲ ကြုံလို့သုံးလိုက်တာ၊ အနံ့ကြိုက်လို့သုံးတာမျိုးလုပ်မိရင် မခန့်မသင့်ဘဲ ဆံပင်ပိုပျက်စီးသွားတာမျိုး ဖြစ်တတ်ပါတယ်။

၂။ ခေါင်းခဏခဏမလျှော်ပါနဲ့

နေ့တိုင်းနီးပါး ခေါင်းလျှော်တာက ဆံသားကျန်းမာရေးအတွက်မကောင်းပါဘူး။ ခေါင်းလျှော်ရည်တွေနဲ့ ထိတွေ့တာများတဲ့အခါ ဦးရေပြားအတွင်းပိုင်းက သဘာဝအဆီတွေ အလိုလိုဆုံးရှုံးစေမှာပါ။ ဒါကြောင့် တစ်ပတ်မှာ သုံးကြိမ်ထက်ပိုပြီး ခေါင်းမလျှော်မိအောင်သတိထားပါ။ ဆံပင်အရမ်းအဆီပြန်တတ်တဲ့သူတွေကတော့ ခေါင်းလျှော်တာအစား Dry Shampoo တွေ သုံးပေးနိုင်ပါတယ်။

၃။ ဆံပင်ကို Oil ပုံမှန်လိမ်းပေးပါ

Oil ပုံမှန်လိမ်းတာက ဆံနွယ်လေးတွေဖြောင့်စင်းစေသလို ဆံပင်ဖွာတာကိုပါ သက်သာစေပါတယ်။ ဆံသားကြမ်းပြီးခြောက်သွေ့တတ်တဲ့သူတွေက ခေါင်းမလျှော်ခင် တစ်နာရီလောက်ကြိုကာ ဆီလိမ်းထားတာမျိုးလုပ်ပေးရင် ပိုကောင်းပါတယ်။ ဆံသားသန်စွမ်းစေတဲ့ အုန်းဆီ၊ သံလွင်ဆီ၊ ဗာဒံဆီနဲ့ Argan Oil စတာတွေသုံးပေးနိုင်ပါတယ်။ ဆီလိမ်းတဲ့အခါ ဦးရေပြားထဲစိမ့်ဝင်အောင် ခေါင်းကိုနှိပ်နယ်ပြီး လိမ်းပေးပါ။

၄။ သဘာ၀ Hair Masks တွေနဲ့ ပေါင်းတင်ပေးပါ

တစ်ပတ်တစ်ခါလောက် သဘာဝနည်းတွေနဲ့ ဆံသားကို ပုံမှန်ပေါင်းတင်ပေးတာက ဆံသားအစိုဓာတ်ထိန်းပြီး စိုစိုအိအိဆံနွယ်လေးတွေ ရစေပါတယ်။ ခေါင်းလျှော်ခါနီး တစ်နာရီလောက်ကြိုကာ ပေါင်းတင်ပေးထားရုံပါပဲ။ သဘာဝနည်းတွေထဲမှာ ကြက်ဥအနှစ်နဲ့ ထောပတ်သီး၊ ဌက်ပျောသီးနဲ့ ထောပတ်သီး၊ Aloe Vera Gel တို့ပါဝင်တဲ့ ပေါင်းတင်နည်းလေးတွေက အရမ်းထိရောက်ပါတယ်။

၅။ ခေါင်းကို ရေပူပူနဲ့ ဆေးချတာမျိုးရှောင်ပါ

ရေအပူက ဆံသားခြောက်သွေ့စေပါတယ်။ ဒါကြောင့်မို့ ခေါင်းလျှော်တဲ့အခါ ရိုးရိုးရေ (သို့) ရေအေးကိုပဲ အသုံးပြုပေးပါ။ Conditioner သုံးပြီး ရေပြန်ဆေးတဲ့အချိန် ရေအေးအေးလေးသုံးပြီး ဆေးပေးတာကပိုကောင်းပါတယ်။

၆။ အပူနဲ့ဆံသားပုံသွင်းတာကို လျှော့ပါ

စက်အပူနဲ့ ဆွဲတာတွေ၊ Dryer မှုတ်တာတွေကို ရံဖန်ရံခါမှ ပြုလုပ်ပေးဖို့လည်း မမေ့ပါနဲ့။ အပူများများနဲ့ ပုံသွင်းတာတွေက ခဏခဏလုပ်မိရင် ဆံပင်အရမ်းပျက်စီးပြီး အဖျားနှစ်ခွတွေပါ ထွက်လာတတ်ပါတယ်။ မဖြစ်မနေသုံးရတဲ့အခါ အပူခံ Spray လေးဖြန်းပြီးမှ သုံးပေးပါ။ နေပူပူထဲ အကာအကွယ်မပါဘဲ ထွက်တာမျိုးကိုလည်း မလုပ်မိအောင် သတိထားပေးရပါမယ်။

၇။ ဆံပင်အဖျားကို ပုံမှန်တိပေးပါ

သုံး၊ လေးလနေရင်တစ်ခါလောက် ဆံပင်အဖျားလေးတွေ ပုံမှန်တိပေးတာက ဆံပင်အရှည်လည်းမြန်သလို အဖျားနှစ်ခွတွေမဖြစ်အောင် ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ ပုံမှန်တိပေးထားတဲ့ဆံပင်လေးက ကြည့်လိုက်တာနဲ့ သပ်ရပ်ပြီး ပိုကျန်းမာသန်စွမ်းတဲ့ပုံပေါ်စေမှာပါ။