များသောအားဖြင့် ကျွန်မတို့ အများစုက တစ်နေ့တည်းမှာ အလုပ်တွေ အများကြီး ပြီးချင်ကြပြီး အလုပ်လောဘကြီး ကြပါတယ်။ ဒါပေမဲ့ တစ်ခါတလေ တခြား မထင်ထားတဲ့ အကြောင်းအရာတွေက ဝင်ရောက်လာကာ သင့်အလုပ်ကို နှောင့်ယှက်လာတတ်ပါတယ်။ ဒါမျိုး အမြဲ ဖြစ်နေလို့လည်း အဆင်မပြေပါဘူး။ ဘယ်တော့မှ အလုပ်မပြီးဘူးလို့ ခံစားနေရရင် သင့် အချိန်ဇယားကို လုံးဝ ပြောင်းလဲစရာ မလိုပါဘူး။ ပြောင်းလို့ရမယ့် နည်းလမ်းသေးသေးလေးတွေကို သိမယ်ဆိုရင် အချိန်ဇယားကို အလုံးစုံ ပြောင်းစရာ မလိုဘဲ သင် အရင်ထက် ပိုပြီးကာ ပိုအလုပ်တွင်ပါလိမ့်မယ်။ ဒီ အကြောင်းအရာက ကိုယ်ပိုင် စီးပွားရေး လုပ်လေ့ရှိတဲ့ ကောင်မလေးတွေအတွက် အသုံးဝင်မှာ မလွဲမသွေပါပဲ။

၁။ လက်တွေ့ကျတဲ့ To Do List ကို ရေးပါ

ကိုယ်လုပ်စရာတွေကို ချရေးထားလိုက်ရင် ပိုအစီအစဉ် တကျ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အလုပ်တွေကို မလုပ်နိုင်ဘဲ စုပြုံကာ ရေးထားရင် သင့်အတွက် ဖိအားများကာ ဘာမှပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်အတွက် အရေးကြီးတဲ့ လုပ်စရာကိုပဲ To Do List မှာ အချိန်နဲ့ ချရေးထားသင့်ပါတယ်။

၂။ အနှောင့်အယှက်တွေကို ဖယ်ရှားပါ

အီးမေးလ်တွေ၊ Notification တွေက သင့်လုပ်ငန်းအတွက် အရေးမပါရင် ပိတ်ထားသင့်ပါတယ်။ ကိုယ် အလုပ်လုပ်တဲ့အချိန် အနှောင့်အယှက်တွေကို အနည်းဆုံး ဖြစ်အောင် တိတ်ဆိတ်တဲ့နေရာတွေကို ရွေးချယ်ကာ အလုပ်လုပ်သင့်ပါတယ်။

၃။ ရှင်းလင်းစွာ ဆက်သွယ်ပါ

သင်လုပ်မယ့် အလုပ်ကို တခြား အတူတူ လုပ်နေတဲ့လူတွေ အလွယ်တကူ နားလည်အောင် ကြိုးစားသင့်ပါတယ်။ သင့်ဆီမှာ အလုပ်သမားတွေ ရှိရင် သူတို့ ဘယ်လိုအလွယ်ကူဆုံး နားလည်နိုင်မလဲ လေ့လာထားသင့်ပါတယ်။ ဖုန်းနဲ့ ဆက်သွယ်မလား၊ လူတွေ့ပြီး ဆက်သွယ်မလား အခြားသူတွေနဲ့ ရှင်းလင်းစွာ ဆက်သွယ်သင့်ပါတယ်။

၄။ သင့်အလုပ်နေရာကို သေချာ အစီအစဉ်ချပါ

ကိုယ်အလုပ်လုပ်တဲ့ နေရာက ရှင်းနေမှ အလုပ်လုပ်လို့ ကောင်းတာပါ။ ရှုပ်နေရင် အလုပ်လုပ်ချင်စိတ် ပျောက်ဆုံးသွားတတ်ပါတယ်။ သင့်အလုပ်ခန်းကို ရှင်းတာ၊ ရုံးခန်းက ဖိုင်တွေကို အစီအစဉ်တကျ ထားတာတွေ လုပ်သင့်ပါတယ်။

၅။ တစ်ချိန်တည်း အလုပ်အများကြီး လုပ်တာကို ရှောင်ပါ

သင့်ဆီမှာ အလုပ်တွေ အများကြီးရှိရင် တစ်ချိန်တည်းမှာ အတူတူ လုပ်လိုက်တဲ့အခါ ပိုကြာသွားစေနိုင်ပါတယ်။ ဦးနှောက်က တစ်ခါလုပ်ရင် တစ်ခုကိုပဲ အာရုံစိုက်နိုင်ပါတယ်။ တစ်ခါ လုပ်ရင် Project တစ်ခုမှာပဲ အာရုံထားသင့်ပါတယ်။

၆။ နားချိန်ပေးပါ

အလုပ်ကို ဆက်တိုက်လုပ်ဖို့အထိ ဘယ်သူမှ ခံနိုင်ရည် အားမကောင်းလှပါဘူး။ ၂၅ မိနစ် လုပ်ပြီး ခဏ နားတာမျိုး လုပ်နိုင်သလို အလုပ် တစ်ခုနဲ့ တစ်ခုကြား နားချိန် ပေးထားသင့်ပါတယ်။

၇။ တခြားသူတွေကို အလုပ်ပေးနိုင်ဖို့ ကြိုးစားပါ

ဘယ်အရာမဆို ကိုယ်တိုင်လုပ်မှ စိတ်ချတာ ဆိုတဲ့ အတွေးကို ပြောင်းလဲ သင့်ပါတယ်။ ဒီအစား ကိုယ်ယုံရတဲ့၊ အတွေ့အကြုံရှိသူတွေ လက်ထဲကိုလည်း သင့်အလုပ်ကို အပ်နှံသင့်ပါတယ်။ သင်ကိုယ်တိုင် အနေနဲ့တော့ ပိုအရေးကြီးတဲ့ အလုပ်တွေကို လုပ်နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar