ရာသီဥတုပူလို့၊ စိတ်ရှုပ်နေလို့ ဒါမှမဟုတ် ဆံပင်အရှည်နဲ့နေရတာငြီးငွေ့လာလို့စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အတိုညှပ်ချင်စိတ်ဖြစ်လာတဲ့ လူငယ်ကောင်မလေးတို့အတွက် လတ်တလောခေတ်စားပြီး Celebrity တွေပါ ညှပ်လေ့ရှိတဲ့ ဆံပင်အတိုပုံစံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ ဆံပင်အတိုက ထိန်းသိမ်းရလွယ်ပြီး ငယ်ပုံပေါက်သွားစေတဲ့အပြင် ဒီပုံစံလေးတွေက ထွေထွေထူးထူးအရောင်ဆိုးစရာမလိုဘဲ လှနေမယ့်စတိုင်လေးတွေဖြစ်တာမို့ ပေါ့ပေါ့ပါးပါးညှပ်ကြည့်ချင်သူတွေ ကိုယ်နဲ့လိုက်မယ့်ဆံပင်ပုံလေးကိုရွေးပြီး ပုံစံပြောင်းကြည့်လိုက်ပါနော်။

၁။ ဂုတ်ဝဲဆံပင်


ဂုတ်ဝဲဆံပင်ခပ်ကုတ်ကုတ်လေးတွေက ဆံပင်အုံထူသူတွေနဲ့လိုက်ဖက်ပြီး မျက်နှာကျလေးလည်းပုံပေါ်စေပါတယ်။ ထိန်းသိမ်းရလည်းလွယ်ကူသလို ပေါ့ပါးသွက်လက်တဲ့ပုံစံကိုပိုင်ဆိုင်စေမှာပါ။ ရှေ့ဆံမြိတ်လေးညှပ်ပြီး ချထားနိုင်သလို ဆံမြိတ်မပါဘဲလည်းကြည့်ကောင်းတဲ့ဆံပင်ပုံလေးပါ။

၂။ မေးစေ့နားအရှည် ဆံပင်တို


ဒီပုံစံက အနည်းငယ်ရိုးပုံပေါ်ပေမယ့် လေးထောင့်ပုံမေးရိုးရှည်တဲ့ မျက်နှာမျိုးတွေနဲ့ လိုက်ဖက်အထာကျစေပြီး မေးချွန်ချွန်လေးကိုပိုထင်းစေတဲ့ပုံစံမျိုးပါ။

၃။ အထပ်လေးတွေနဲ့ ဂုတ်ဝဲပုံစံ


ဂုတ်ဝဲဆံပင်လေးကို အောက်ပိုင်းမညီတဲ့ အထပ်လေးတွေနဲ့ညှပ်တာမျိုးကလည်း ဆံပင်ထူပုံပေါက်ပြီး မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့လိုက်ဖက်စေမှာပါ။

၄။ ခပ်ဝဲ၀ဲအကောက်နဲ့ ဂုတ်ထောက်ဆံပင်


ဂုတ်အတိမညှပ်ချင်သူတွေစမ်းကြည့်သင့်တဲ့ပုံစံလေးပါ။ ဂုတ်ထောက်အရှည်လေးကို ခပ်ဝဲ၀ဲ လှိုင်းတွန်းအကောက်လေးတွေထည့်ပြီးပုံသွင်းထားတဲ့ပုံစံက ဆံပင်အရမ်းတိုတဲ့ပုံမပေါက်ဘဲ မျက်နှာလေးကိုကြည့်ကောင်းစေပါလိမ့်မယ်။ Hightlight ဖောက်တာနဲ့လည်း လိုက်ဖက်စေမယ့်ပုံစံလေးလို့ပြောလို့ရပါတယ်။

၅။ ဂုတ်ထောက် ရှေ့အရှည် နောက်အတိုပုံစံ


ပုံထဲကအတိုင်း ရှေ့နဲ့နောက် အရှည်အတိုပုံစံထားပြီး ရှေ့ပိုင်းကိုခွဲထားတဲ့ပုံစံကလည်း တစ်မျိုးဆန်းပြီး အရမ်းအထာကျပါတယ်။ ဆံပင်ချမထားချင်တဲ့ အချိန်မှာလည်း ရှေ့ဆံပင်အရှည်ကိုရှေ့ချထားပြီး နောက်ကိုစည်းတာ၊ ထုံးတာမျိုးပြုလုပ်နိုင်ပါတယ်။

၆။ မျက်နှာရှေ့ခပ်ဝဲ၀ဲအုပ်ထားတဲ့ ဂုတ်ထောက်ပုံစံ


Curtain ဆံမြိတ်လို မျက်နှာဘေးဝိုက်ချပြီး ဂုတ်ထောက်ညှပ်ထားတဲ့ပုံစံလေးကလည်း တော်တော်များများလိုက်ဖက်ပြီး မျက်နှာကျကိုသွယ်ပုံပေါက်သွားစေတာကြောင့် မျက်နှာကြီးလို့ ဆံပင်အတိုမညှပ်ချင်တဲ့သူတွေလည်း လိုက်ညှပ်နိုင်မယ့်ပုံစံလေးပါနော်။

၇။ အကောက်များတဲ့ အထပ်ဆံပင်ပုံစံ


အဖြောင့်မကြိုက်တဲ့သူတွေအနေနဲ့ ဆံပင်အတိုအထပ်ကေကို အကောက်ပြေပြေလေးတွေပုံသွင်းပြီး ချထားတာကလည်း ပျိုမေတိုင်းနဲ့လိုက်ဖက်တဲ့အပြင် ကြည့်ကောင်းပြီးဆွဲဆောင်မှုရှိတဲ့ Look လေးကိုရစေပါလိမ့်မယ်။

Photo Source: Pinterest, preview.ph