ယောဂလေ့ကျင့်ခန်းတွေက စိတ်ရောကိုယ်ပါ ကျန်းမာနုပျိုစေတာကို ပျိုမေတို့အားလုံးသိပြီးကြမှာပါ။ အိပ်ရာဝင်ခါနီးမှာ ယောဂလေ့ကျင့်ခန်းအချို့ပြုလုပ်ပေးတာက စိတ်တည်ငြိမ်ပြီး Stress လည်းပြေသလို အိပ်ရာထဲလှဲလိုက်တာနဲ့ ခဏအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ပါ ကူညီပေးနိုင်ပါတယ်။

သင့်အနေနဲ့လည်း လတ်တလော ညဘက်အိပ်မရတဲ့ ပြဿနာရှိနေတယ်ဆိုရင် ဖော်ပြပေးမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အိပ်ရာထဲမှာပဲ ပေါ့ပေါ့ပါးပါးလုပ်နိုင်တာဖြစ်လို့ လူတိုင်းအတွက် အဆင်ပြေမှာပါ။

Child’s Pose

တင်းနေတဲ့အကြောတွေဖြေလျော့ပြီး ခန္ဓာကိုယ်သွေးလည်ပတ်မှုကောင်းစေမယ့် ယောဂ Pose ဖြစ်ပါတယ်။ အိပ်ရာပေါ် ဒါမှမဟုတ် ယောဂဖျာပေါ်မှာ ဒူးကွေးထိုင်ချပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်မျက်နှာပြင်နဲ့ ကပ်တဲ့အထိ ကုန်းကာ လက်နှစ်ဖက်ကို ဆန့်ထုတ်ထားပေးပါ။ ဒီပုံစံအတိုင်း စက္ကန့် ၃၀ လောက်နေပေးရပါမယ်။

Cat Cow Pose

ပုံထဲကလို ခန္ဓာကိုယ်ကုန်းပြီး ဒူးနဲ့ လက်နှစ်ဖက်ကိုထောက်ကာ ဖြေးဖြေးချင်း အသက်ရှုသွင်းရှုထုတ်လုပ်ပေးရမှာပါ။ ရှုသွင်းတဲ့အခါ ခေါင်းမော့ပြီး ပုခုံးနဲ့ကျောဆန့်ထုတ်ကာ ရှုထုတ်တဲ့အခါမှာတော့ ပုခုံးကြောလျှော့ချပြီး ခေါင်းနဲ့ ခန္ဓာကိုယ်ကိုပြန်ကုန်းပေးရမှာဖြစ်ပါတယ်။ ဒါကိုတော့ ရှုသွင်းရှုထုတ် ၁၀ ကြိမ်အနည်းဆုံးလုပ်ပေးသင့်ပါတယ်။

Butterfly Fold Pose

ဒူးနှစ်ဖက်ဘေးကွေးပြီး ခြေဖဝါးတွေကို မျက်နှာချင်းဆိုင်ထိထားကာ ခန္ဓာကိုယ်ကို ရှေ့ကွေးချပေးရမှာဖြစ်ပါတယ်။ ဟန်ချက်ညီအောင် ခြေထောက်တွေကို လက်နှစ်ဖက်လုံးနဲ့ကိုင်ပြီး ထိန်းထားနိုင်ပါတယ်။ ဒီ Pose အတိုင်း ခန္ဓာကိုယ်ကုန်းပြီး စက္ကန့် ၂၀ လောက်တောင့်ထားပေးပါ။

Forward Fold Pose

မတ်မတ်ရပ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကုန်းပြီး လက်တွေကို ကြမ်းပြင်နဲ့ထိတဲ့အထိ ဆန့်ပေးပါ။ ဒူးမကွေးသွားအောင် ဂရုစိုက်ရပါမယ်။ ကိုယ်တတ်နိုင်သလောက် စက္ကန့် ၃၀ လောက်အထိနေပေးပါ။ ဒီယောဂလေ့ကျင့်ခန်းက အကြောပြေပြီး ပေါ့ပေါ့ပါးပါးနဲ့ နေလို့ထိုင်လို့ ကောင်းစေမှာပါ။

Spinal Twist Pose

Photo Source: Yanva yoga

လှဲအိပ်ပြီး ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက်အပေါ်လိမ်ပြီး တင်ထားကာ အပေါ်ပိုင်းခန္ဓာကိုယ်ကိုတော့ ဆန့်ကျင်ဘက်ကို လှည့်ပေးရမှာဖြစ်ပါတယ်။ ပုံထဲကလို ဆန့်ကျင်ဘက်လက်ကို ဘေးဘက်ဆန့်ထားပေးပါ။ ဒီပုံအတိုင်း ၁၀ ကြိမ်လောက် ရှုသွင်းရှုထုတ်လုပ်ပြီးတဲ့အထိ နေပေးရပါမယ်။

Happy Baby

အိပ်ရာထဲလှဲပြီး ခြေထောက်နှစ်ဖက်မြှောက်ကာ ခြေဖဝါးတွေကို လက်နဲ့ဆွဲကိုင်ပေးထားပါ။ ဒီလိုကိုင်ထားပြီး ခန္ဓာကိုယ်ကို ပုခက်လွှဲသလို ဖြေးဖြေးချင်းဟိုဘက်ဒီဘက်လှိမ့်ပေးရမှာဖြစ်ပါတယ်။ ဒီယောဂ Pose က စိတ်ဖိစီးမှုကို သိသိသာသာသက်သာစေမှာပါ။

Waterfall Pose

အထိုင်အထများတဲ့သူတွေအတွက် ခြေထောက်အညောင်းပြေပြီး သွေးလည်ပတ်မှုကောင်းစေမယ့် ယောဂဖြစ်ပါတယ်။ ပုံထဲကလို လှဲအိပ်ပြီး ခြေထောက်နှစ်ဖက်စုကာ ၉၀ဒီဂရီတန်းနေအောင် အပေါ်မြှောက်ပေးပါ။ အသက်ရှုသွင်းရှုထုတ် ၁၀ ကြိမ်စာလောက် ခန္ဓာကိုယ်ကိုထိန်းပြီး မြှောက်ထားပေးရပါမယ်။

Photo Source: Pinterest

By MyStyle Myanmar