ငယ်ရွယ်နုပျိုပြီး တောက်ပတဲ့အသားအရေကို လူတိုင်းလိုချင်ကြပေမယ့် အိုမင်းရင့်ရော်ကို အရှိန်မြှင့်ပေးနိုင်တဲ့ တချို့အကြောင်းအရင်းတွေကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေနဲ့ အသားအရေပျက်စီးမှုကို ဖြစ်စေပါတယ်။ ဒါတွေကတော့ သင့်အသားအရေကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်တဲ့ အရာ (၇)မျိုးပါပဲ။

နေရောင်ခြည်ထိတာ

ခရမ်းလွန်ရောင်ခြည်ကို အလွန်အကျွံထိတွေ့တာကလည်း အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် အသားအရေကို ကာကွယ်ဖို့အတွက် SPF မြင့်တဲ့ Sunscreen ကို မဖြစ်မနေသုံးပေးပါ။ နေပူဆုံးအချိန်တွေမှာ ဦးထုပ် ၊ နေကာမျက်မှန်စတဲ့ နေအကာအကွယ်အဝတ်အစားများဝတ်ဆင်ဖို့ အရေးကြီးပါတယ်။

အိပ်ရေးပျက်တာ

ညဘက်တွေအိပ်မပျော်ဘဲ အိပ်ရေးပျက်တာက ကျန်းမာရေးနဲ့ စိတ်ခံစားချက်ကို ထိခိုက်စေရုံသာမက သင့်အသားအရေကိုပါ ထိခိုက်စေပါတယ်။ အိပ်ရေးပျက်တာများတဲ့အခါ ကော်လာဂျင်နဲ့ အယ်လက်စတင်ကို ဖြိုခွဲပေးတဲ့ ကော်တီဆော ပမာဏကို တိုးလာစေပြီး အရေးအကြောင်းတွေကို ဖြစ်လာစေတာမလို့ အသားအရေကို ထိန်းသိမ်းနိုင်ဖို့အတွက် ညတိုင်း အိပ်ရေးဝဝအိပ်ဖို့ အရေးကြီးပါတယ်။

မကောင်းတဲ့ မိတ်ကပ်အလေ့အကျင့်တွေလုပ်တာ

မိတ်ကပ်လိမ်းပြီး အိပ်တာ ၊ သက်တမ်းကုန်နေတဲ့ ဒါမှမဟုတ် အရည်အသွေးညံ့တဲ့ ထုတ်ကုန်တွေကို သုံးတာ ၊ Heavy Makeup တွေသုံးတာ စတဲ့အကျင့်တွေက ချွေးပေါက်တွေကို ပိတ်စေပြီး အရေးအကြောင်းများဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချွေးပေါက်တွေကို အသက်ရှုခွင့်ပေးနိုင်အောင် ညဘက်အိပ်ခါနီး မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေစားတာ

သကြား၊ ကာဗိုဟိုက်ဒရိတ်နဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ အများကြီးစားတာက ကော်လာဂျင်ကို ပျက်စီးစေပြီး အရေးအကြောင်းဖြစ်ပေါ်မှုကို အရှိန်မြှင့်ပေးပါတယ်။ ဒါကြောင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မျှတတဲ့အစားအစာများကို သေချာစားပေးဖို့လိုအပ်ပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်သောက်တာက သင့်ကျန်းမာရေးကို ထိခိုက်စေရုံသာမက အရေပြားရဲ့အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ကြည့်ပါ။ အရေပြားရဲ့ကျန်းမာရေးနဲ့ အသွင်အပြင်က သိသိသာသာ တိုးတက်လာတာကို တွေ့မြင်ရမှာပါ။

အသားအရေပုံမှန်မထိန်းသိမ်းတာ

အသားအရေထိန်းသိမ်းမှုလုပ်ရိုးလုပ်စဉ်ကို လျစ်လျူရှုတာကလည်း သင့်အသားအရေကို အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တာမလို့ အသားအရေပုံမှန်ထိန်းသိမ်းဖို့ မပျင်းသင့်ပါဘူး။

စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုများလာတဲ့အခါ အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ကော်တီဆောကို ထုတ်ပေးလာပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံသောက်တာ ၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေ စားတာ စတာတွေ လုပ်မိပြီး အသားအရေကို ပိုပြီးထိခိုက်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တာ ၊၊ တရားထိုင်တာ၊ ချစ်ရသူတွေနဲ့ အချိန်ဖြုန်းတာလိုမျိုးစသဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပြီး သင့်အသားအရေရဲ့ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။