ဒီနေ့ကမ္ဘာပေါ်မှာ လူသားအများစုခံစားနေရတဲ့ ခံစားချက်တစ်ခုကိုပြောပါဆိုရင် အထီးကျန်ခြင်းပါပဲ။ တစ်ခါတစ်လေဆိုရင် ဒိတ်လေး တစ်ကြိမ်နှစ်ကြိမ် လုပ်တာထက်ပိုပြီးတော့ ကိုယ့်ရဲ့အချစ်စစ်အချစ်မှန်နဲ့ ပိုပြီးချစ်နိုင်မယ့်လူကို ရှာတွေ့ဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးလို့ကို ခံစားရတတ်ပါတယ်။

ဒါဆိုရင် ကိုယ့်ဘဝရဲ့ လက်တွဲဖော်နဲ့ အခုချိန်ထိ ဘာလို့မတွေ့ရသေးတာလဲ။ တွေ့တဲ့အချိန်မှာရော ကိုယ်လုပ်လိုက်မိတဲ့အမှားတွေကြောင့် သူ့ကို လက်လွှတ်လိုက်ရတာမျိုး မဖြစ်စေဖို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို အခုပဲသေချာဖတ်ကြည့်လိုက်ရအောင်ပါ။

ပြီးခဲ့တဲ့ Relationship တွေနဲ့ပတ်သက်ပြီး အခုထိ ခံစားနေရသေးလို့

သူ့ကြောင့် ကိုယ်ခံစားနေရသေးတယ်ဆိုတာမျိုးကို မပြချင်လို့ ဒါမှမဟုတ် ရင်ထဲမှာဟာနေတဲ့ခံစားချက်တွေကို ဖြည့်ဆည်းဖို့အတွက် ချက်ချင်း နောက်တစ်ယောက်ကောက်ရှာတွဲလိုက်မျိုးတွေက မြန်ဆန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးတော့ သင့်ကိုသာ ပိုပြီးခံစားရစေနိုင်ပါတယ်။ ရည်းစားပေါင်းစုံ ထည်လဲတွဲနေသူကို ဘယ်သူမှသဘောမကျသလို ရည်းစားဟောင်းကို မနာလိုဖြစ်စေဖို့အတွက်နဲ့ ကိုယ့်ကိုတွဲချင်သူမျိုးကို ဘယ်သူမှမကြိုက်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ခဏတာဆုံးဖြတ်ချက်အမှားကြောင့် လက်တွဲဖော်အစစ်အမှန်ကို လက်လွှတ်လိုက်ရတာမျိုးမဖြစ်စေဖို့အတွက် အချိန်ယူပြီး ခေါင်းအေးအေးထားကာ ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားပါ။

မျှော်လင့်ချက်တွေ တအားကြီးလွန်းလို့

တချို့မိန်းကလေးတွေကျတော့ အပြစ်ပြောစရာမရှိတဲ့ အိမ်ရှေ့မင်းသားတွေကို စိတ်ကူးယဥ်တတ်ကြသလို တချို့ယောကျ်ားလေးတွေကျတော့ သူတို့ရဲ့ကောင်မလေးတွေကို ဘက်ပေါင်းစုံက ပြီးပြည့်စုံစေချင်ကြပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝက အခြေအနေက စိတ်ကူးအိမ်မက်ထဲက ပုံပြင်တွေနဲ့ မတူညီနိုင်ပါဘူး။ ပထမဦးဆုံး ကိုယ့်ကိုယ်ကိုအရင်အာရုံစိုက်ပါ။ ကိုယ်ကဘယ်လိုပုံစံမျိုးရှိသလဲ။ ကိုယ့်ရဲ့လက်တွဲဖော်ကို ဘာပေးနိုင်သလဲ။ ကိုယ်နဲ့အတူရှိနေချိန်မှာ သူပျော်နိုင်ပါ့မလား။ ပြောချင်တာကတော့ အရည်အချင်းတွေရှိတဲ့ လက်တွဲဖော်ကိုလိုချင်တယ်ဆိုရင် ထိုအရည်အချင်းတွေလည်း ကိုယ့်ဆီမှာရှိအောင် အရင်ကြိုးစားပါ။

ပိုင်ရှင်ရှိပြီးသားလူကို စိတ်ကူးနေလို့

ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေကို အလဟဿအကုန်မခံလိုက်ပါနဲ့။ ကိုယ့်ဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုပြီးမသိနိုင်ပေမယ့်လည်း ကိုယ့်ရဲ့လက်တွဲဖော်က ဖောက်ပြန်နိုင်တဲ့လူဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံနိုင်မလားဆိုတာ စဥ်းစားကြည့်ပါ။ ငါ့အမျိုးသား သို့မဟုတ် ငါ့အမျိုးသမီးဆိုတဲ့အချက်တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုပြီးတော့ ကိုယ့်ကိုယ်ကို အတင်းအကြပ် ယုံကြည်လိုက်ဖို့ မကြိုးစားပါနဲ့။ သူတို့နေရာကို ဝင်ယူလိုက်တယ်ဆိုရင်တောင်မှ ငါ့နောက်ကွယ်မှာများ ဖောက်ပြန်နေအုံးမလားဆိုတဲ့ သံသယကြီးကို တစ်သက်လုံးသင့်ကို လိုက်ပြီးခြောက်လှန့်နေပါလိမ့်မယ်။

တစ်ဖက်သားကို ယုံကြည်ဖို့အတွက် မဖြစ်နိုင်သေးလို့

အားလုံးက အတူတူတွေချည်းပါပဲ။ သူတို့လိုချင်တာက ဒါတွေချည်းပဲ စတဲ့စကားတွေက အမျိုးသားတွေသာမက အမျိုးသမီးတွေနဲ့ပါပတ်သက်ရင် မကြာခဏ ကြားလေ့ရှိတဲ့စကားတွေပဲဖြစ်ပါတယ်။ လူတိုင်းကို မယုံကြည်သင့်ဘူးဆိုပေမယ့်လည်း လူတိုင်းကိုတွန်းထုတ်ရမယ်လို့လည်း မဆိုလိုပါဘူး။ ကိုယ့်ရဲ့ရည်းစားဟောင်းက ကိုယ့်ကိုဒဏ်ရာရအောင်ပြုလုပ်ခဲ့တာက သင့်အပြစ်မဟုတ်ပါဘူး။ ကိုယ့်ရဲ့အနီးပတ်ဝန်းကျင်က လူတွေကိုသာသေချာဂရုတစိုက် လေ့လာအကဲခတ်ပြီးတော့ အရေးကြီးတဲ့အချက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။

အတည်တကျ လက်တွဲဖို့အတွက် ကြောက်ရွံ့နေလို့

နေ့စဥ်နေ့တိုင်း လုပ်ငန်းဆောင်တာတွေကို ကိုယ့်ရဲ့ခံစားချက်တွေ ဝင်ရောက်နှောင့်ယှက်လေမလား၊ ကိုယ့်ရဲ့ကိုယ်ပိုင်နေရာလေးတစ်ခုကို ဆုံးရှုံးလိုက်လေမလားဆိုတဲ့ ကြောက်စိတ်တွေနဲ့ ကိုယ့်ရဲ့ချစ်ရသူကို အရမ်းများစွဲလမ်းသွားလေမလားဆိုတဲ့ အတွေးတွေ စသဖြင့်က သင့်ရဲ့လက်တွဲဖော်အသစ်ကို တွေ့ဆုံတဲ့အချိန်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရင်တုန်းကဖြစ်ခဲ့သမျှတွေကို ပြန်ပြီးတွေးနေမယ့်အစား စိတ်ဝင်စားစရာကောင်းတဲ့ ဝါသနာကိုရှာဖွေတာ၊ မကြာခဏအပြင်ထွက်ပေးတာတွေကို လုပ်ပေးပြီးတော့ မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်ပစ်ပါ။

အချစ်ခံချင်ဇောတွေ များလွန်းလို့

တိရိစ္ဆာန်တွေထဲမှာ အပေါ်လွင်ဆုံးနဲ့ အလှဆုံးဖြစ်အောင်လို့ သူ့ရဲ့အမြီးတွေကို အကောင်းဆုံးဖော်ကျူးတဲ့ ဒေါင်းလိုမျိုးပဲ လူအများစုအတွက်လည်း ဒီလိုအပြုအမူမျိုးက လှောင်စရာ၊ ရယ်စရာ၊ သနားစရာနဲ့ စိတ်တိုစရာတွေပဲ ဖြစ်လာစေနိုင်ပါတယ်။ တစ်ဖက်လူရဲ့သဘောကျမှုကိုခံရစေဖို့အတွက် ကိုယ်သက်သောင့်သက်သာမရှိတဲ့ အပြုံးတုတွေ၊ အဝတ်အစားလှလှတွေဝတ်စရာမလိုပါဘူး။ ကိုယ့်အရှိကို အရှိအတိုင်းပဲနေပါ။ အချိန်တန်တဲ့အခါ စစ်မှန်တဲ့သင့်ကို လက်ခံနိုင်မယ့် လက်တွဲဖော်ပေါ်လာပါလိမ့်မယ်။

Source: BrightSide