မိန်းကလေးတိုင်း Perfect Man ကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ မိန်းကလေးတိုင်းကတော့ ဒီဆန္ဒမပြည့်နိုင်ကြပါဘူး။ မိန်းကလေးတွေအနေနဲ့ ကိုယ်လက်ထပ်မယ့် လူတစ်ယောက်အကြောင်းကို မယူခင်ကတည်းက သေချာလေ့လာထားသင့်ပါတယ်။ သင့်ချစ်သူ ဒါမှမဟုတ် သင်ရည်ရွယ်ထားသူက ဒီအချက်တွေနဲ့ ကိုက်ညီရင်တော့ သူ့ကို လက်မလွှတ်ပါနဲ့တော့။

၁။ အပေါ်ယံထက် အတွင်းစိတ်

သင့်ကောင်လေးက နဂိုကတည်းက သန့်သန့်ပြန့်ပြန့်နဲ့ ကြည့်ကောင်းရင်တော့ ဒါက သင့်အတွက်အပိုဆုပါ။ ဒါပေမဲ့ရုပ်ချောတာ ကြည့်ကောင်းတာထက် အရေးကြီးတာတွေရှိပါသေးတယ်။ သင်လက်ထပ်မယ့်ယောကျာ်းက သင့်ကို လေးစားပြီး တန်ဖိုးထားရပါမယ်။ ကြင်နာတတ်ရပါမယ်။ အစပိုင်းမှာတော့ သင့်ကို တန်ဖိုးထားမှာပါ။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ သင့်ကို အရင်အတိုင်းပဲ လေးစားသေးလား ပြန်ဆန်းစစ်ပါ။

၂။ တည်တည်ငြိမ်ငြိမ်ရှိသူ

အလုပ်တစ်ခု အတည်တကျရှိပြီး အမှီအခိုကင်းမဲ့သူဖြစ်သင့်ပါတယ်။ အကြွေးကင်းရပါမယ်။ အချုပ်အနှောင်ကင်းရပါမယ်။ မိဘလုပ်စာထိုင်စားနေပြီး အလုပ်တစ်ခုပြီး တစ်ခု ပြောင်းနေတဲ့သူမျိုးဆိုရင်တော့ သင်ပြန်စဉ်းစားသင့်ပါတယ်။ ဘဝသစ်တစ်ခု အတူတူတည်ထောင်ဖို့ နှစ်ယောက်လုံးက ညီတူညီမျှ ဘဝတစ်ခု ရှိနေသင့်ပါတယ်။


၃။ သင့်ကို ပြုံးစေသူ

သင့်ကို အမြဲပျော်ရွှင်အောင် ထားသူဖြစ်ရပါမယ်။ သင်က သူနဲ့ရှိတဲ့အချိန် လုံခြုံတယ်ဆိုတဲ့ခံစားချက်မျိုးရှိဖို့လည်း လိုအပ်ပါတယ်။

၄။ သင့်ရဲ့ အနာဂတ်အတွက်ပါ တွေးပေးတယ်

ကိုယ်ယူမယ့် ယောကျာ်းတစ်ယောက်က ကိုယ်အားကိုးမယ့်လူဖြစ်သင့်ပါတယ်။ သူက သင်တို့နှစ်ယောက်ရဲ့ အနာဂတ်အပြင် သင်တစ်ဦးတည်းရဲ့ အနာဂတ်ကိုလည်း ကူတွေးပေးတတ်ပါတယ်။ သင့်ကို ဘေးကနေ ပံ့ပိုးပေးသူဖြစ်ရပါမယ်။ သင်အောင်မြင်တဲ့အခါလည်း ဝန်တိုခြင်းမရှိဘဲ အမြဲဂုဏ်ယူနေသူဖြစ်သင့်ပါတယ်။


၅။ သင့်မိသားစုကို ဂရုစိုက်သူ

သင်လက်ထပ်မယ့် ယောကျာ်းလေးက သင့်မိသားစုနဲ့လည်း အဆင်ပြေသူဖြစ်သင့်ပါတယ်။ သင့်ကို အမှန်တကယ်ချစ်တဲ့လူတစ်ယောက်က သင်ချစ်ရသူတွေနဲ့လည်း အဆင်ပြေအောင် ကြိုးစားမှာပါ။

၆။ သင့်ပျော်ရွှင်မှုကို တန်ဖိုးထားတယ်

သင်ပျော်ဖို့အတွက်ဆိုရင် သူ့ဘက်က နာကျင်ရရင်လည်း အနစ်နာခံမယ့်လူမျိုးပါ။ ဒီလို ကောင်လေးမျိုးကတော့ တစ်ရာမှာ တစ်ယောက်လောက်ပဲလို့ ပြောလို့ရအောင် ရှားပါတယ်။ အများစုက မစားရ အမဲ သဲနဲ့ပတ် တတ်တဲ့ လူတွေဖြစ်နေတတ်လို့ပါ။


၇။ အေးအတူပူအမျှ

သင်လက်ထပ်မယ့်လူတစ်ယောက်က သင်နဲ့အတူ လက်တွဲပြီး လောကဓံ ကောင်းခြင်း ဆိုးခြင်း အားလုံးကို ကြံ့ကြံ့ခံမယ့်လူဖြစ်သင့်ပါတယ်။

သင့်ကောင်လေးက ဒီအချက်တွေနဲ့ ကိုက်ညီရင်တော့ ဘယ်တော့မှ လက်မလွှတ်ပါနဲ့တော့။

Photo Source: Pinterest

By MyStyle Myanmar