အားလုံးပဲ မင်္ဂလာပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာက နားထောင်လို့တော့ ကောင်းပေမဲ့ ခဏခဏရန်ဖြစ်ရင်ကျတော့ နှစ်ဦးနှစ်ဖက်စိတ်ညစ်ရတာပေါ့နော်။ ဆက်ထုံးများတဲ့ ကြိုးကမကောင်းဘူးဆိုသလိုပဲ ရန်ဖြစ်လို့ ပြတ်သွားလိုက် ပြီးကျပြန်တွဲလိုက်နဲ့ ရေရှည်ဆို သမီးရည်းစားဆက်ဆံရေးကိုထိခိုက်လာနိုင်တယ်နော်။

အခု မျှဝေပေးချင်တဲ့ နည်းလမ်းလေးတွေကတော့ ရန်ဖြစ်တာကို ဘယ်လိုရပ်တန့်မလဲဆိုတာပါပဲ။

၁။ ကောင်းမွန်တဲ့ ဆက်သွယ်ရေးနည်းလမ်းကိုသာ ကျင့်သုံးပါ

သမီးရည်းစားတွေရန်ဖြစ်ကြတယ်ဆိုတာ တစ်ယောက်စိတ်ခံစားချက်ကို တစ်ယောက်မသိကြလို့ ရန်ဖြစ်ကြတာပါ။ သူတို့ဆက်ဆံရေးမှာ တစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင် သင်ယူဖို့ အများကြီးလိုအပ်နေပါပြီ။

Photo Source: www.shutterstock.com

ပြီးတော့ ရန်ဖြစ်ရင် ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် မအော်ပါနဲ့။ အော်တယ်ဆိုတာက သင်အားပေးတဲ့ ဘောလုံးအသင်း နိုင်လို့ ဝမ်းသာအားရတဲ့အချိန်နဲ့၊ ရှုံးနေလို့ အားမလိုအားမရဖြစ်တဲ့ အချိန်တွေပဲ အော်သင့်တာပါ။

Photo Source: lovebondings.com

ပြီးရင် ဂရုတစိုက်နားထောင်ပေးဖို့လိုအပ်ပါတယ်။ တစ်ယောက်စကားပြောတဲ့အချိန်မှာ အခြားတစ်ယောက်က မနှောင့်ယှက်ဘဲ ဂရုတစိုက်နားထောင်ပေးမယ်ဆိုရင် ပြဿနာကို မြန်မြန်ဖြေရှင်းနိုင်မှာပါ။

၂။ လေလှိုင်းပေါ်ကနေ ငြင်းခုန်နေတဲ့ စာပို့တာရပ်မယ်

Photo Source: www.themodernman.com

လူတိုင်းသိကြတဲ့ အတိုင်း စာပို့ပြီးဆက်သွယ်တာက ကောင်းမွန်တဲ့ ဆက်ဆံရေးကို မရနိုင်ပါဘူး။ ကိုယ်ပို့လိုက်တဲ့ Emoji လေးတွေ၊ ဘာရယ်မဟုတ် ရွှတ်နောက်နောက်နဲ့ ပို့လိုက်တဲ့ စာလေးတစ်စောင်ကို တစ်ဖက်လူက အဓိပ္ပါယ်ကောက်လွဲသွားနိုင်လို့ပါ။ သင်တို့ နှစ်ယောက်က LDRS တွေမဟုတ်သရွေ့ လေလှိုင်းပေါ်ကနေ ငြင်းခုန်ရန်ဖြစ်နေတာမျိုးမလုပ်ပဲ မျက်နှာချင်းဆိုင်ဆွေးနွေးပေးဖို့လိုပါတယ်။

၃။ ပြဿနာဖြစ်ရခြင်းဇစ်မြစ်ကို ရှာဖွေပါ

သမီးရည်းစားအများစုမှာ အဖြစ်များတဲ့ ပြဿနာက အကျင့်စရိုက်ချင်းမတူညီကြလို့ပါပဲ။ တစ်ယောက်ကကျတော့ ပြဿနာကို အရမ်းအာရုံစိတ်တွေးတောလွန်းပြီးတော့ အခြားတစ်ယောက်က ပြဿနာဖြေရှင်းချင်စိတ်မရှိတာ အရမ်းဆိုးလွန်းပါတယ်။

၄။ တစ်ယောက်ကိုတစ်ယောက်အပြစ်မတင်ဘဲ တာဝန်ယူမှုရှိပါ

Photo Source: seanwes.com

ငြင်းခုန်မှုဖြစ်ကြတာက ဘေးလူတွေကြောင့်မဟုတ်ဘဲ ကာယကံရှင်နှစ်ယောက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူပြောတာကို အခြားတစ်ဖက်က မကြိုက်လို့ ပြန်ချေပရင်းနဲ့ နောက်ဆုံးကျ ရန်ဖြစ်ကုန်ရောပဲ။ တစ်ဖက်က အမှားတွေ စွပ်စွဲတဲ့အချိန်မှာ သင်ကစိတ်အေးအေးထားပြီး တစ်ချက်ချင်းစီပြန်ရှင်းပြပေးရမှာပါ။ ဒေါသသံမပါ ပါစေနဲ့။

၅။ အတိတ်က အကြောင်းတွေ ပြန်အစဖော်တာ

အခုလက်ရှိ ပြဿနာကိုတောင် မဖြေရှင်းနိုင်ကြတာ ဘာဖြစ်လို့ အတိတ်ကမဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို အစဖော်ချင်ရတာလဲ။ ဘယ်သူ့အတွက်ကောင်းကျိုုးရှိမှာမို့လို့လဲနော်။
ပြီးရင် ကိုယ့်ချစ်သူကို လေးစားပါ။ ရန်ဖြစ်နေတဲ့အချိန် ကိုယ်ကစိတ်ညစ်လို့ စိတ်သက်သာရာရအောင်ဆိုပြီး ကိုယ့်ချစ်သူမကောင်းကြောင်းကို သူ့နောက်ကွယ်မှာမပြောပါနဲ့။ ဒါက သူ့ကိုမထီမဲ့မြင်ပြုခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုလည်း သိက္ခာချရာရောက်ပါတယ်။

၆။ ပြဿနာတစ်ခုကို တစ်ကြိမ်တည်းနဲ့ သေချာကိုင်တွယ်ဖြေရှင်းပါ

Photo Source: www.pinterest.com

နေရာတိုင်းမှာ အခြေအနေနဲ့ အချိန်အခါဆိုတာရှိပါတယ်။ ဘယ်သူကမှ မနက်စောစောစီးစီး ပြဿနာအရှာခံချင်မှာ မဟုတ်ပါဘူး၊ အတင်းအကြပ်ဆွေးနွေးခံရတာလည်း မကြိုက်ပါဘူး။ အဲ့ဒါကြောင့် သင့်ချစ်သူနဲ့ သေချာဆွေးနွေးဖို့ သေချာတဲ့အချိန်၊ အေးအေးဆေးဆေးစကားပြောလို့ရမဲ့နေရာရွေးပြီး အထက်ကပြောပြတဲ့နည်းလမ်းတွေအတိုင်းဖြေရှင်းပေးပါ။

၇။ အဖြေထုတ်ပါ

Photo Source: www.familiesforlife.sg

ခုနကအတူတူဆွေနွေးပြီးသွားပြီဆိုရင်တော့ တိကျတဲ့ အဖြေတစ်ခုရလာပါလိမ့်မယ်။ အတွဲတော်တော်များများကလည်း ဆက်လုပ်ရမဲ့ အဖြေကို သိပြီးသည့်တိုင်အောင် ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ နောက်တွန့်နေကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ဘယ်လိုမှ ရှေ့ဆက်သွားဖို့အဆင်မပြေဘူးလား။ အဲ့ဒါဆိုရင်တော့ လုပ်စရာတစ်နည်းပဲရှိပါတော့တယ်။ ဘာလဲဆိုတာ မပြောပြတော့ဘူးနော်။ ဘဝကြီးကတိုတောင်းလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝကြီးထဲမှာ ရန်ဖြစ်တာ၊ ငြင်းခုန်နေတာနဲ့ပဲ ဘာဖြစ်လို့ အချိန်ကုန်ချင်ရတာလဲ။ သင်က အခြားသူတွေနဲ့ မျှဝေခံစားပြီး ပျော်ပျော်နေချင်တယ်ဆိုရင် သင့်လိုပဲ ပျော်ပျော်နေချင်တဲ့ သူနဲ့ပဲ အတူရှိနေသင့်တာပါ။