ဝက်ခြံထွက်လွယ်သူတွေ၊ အဆီခဏခဏပြန်တတ်တဲ့ Oily Skin ရှိသူတွေဟာ အသားအရေထိန်းသိမ်းမှုလုပ်တဲ့အခါ အခြား အသားအရေ Skin Type တွေထက် ပိုသတိထားပြီး ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ အရေပြားဓာတ်မတည့်တာတွေ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်ပြီး ဝက်ခြံနဲ့အမဲစက်တွေ အလွယ်တကူထွက်လာတတ်ပါတယ်။

အခုခေတ်မှာ Skincare ပစ္စည်းတွေက ရွေးချယ်စရာများတာမို့ ကိုယ့် အသားအရေနဲ့အမှန်တကယ် အဆင်ပြေမယ့်ပစ္စည်းကိုရှာရတာ ထင်သလောက်တော့မလွယ်ကူပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာ အဆီပြန်ပြီး ဝက်ခြံထွက်လွယ်သူတွေ Skincare လုပ်တဲ့အခါ ထည့်သွင်းပေးရမယ့် မှန်ကန်ထိရောက်တဲ့ ထိန်းသိမ်းနည်းမှုပုံစံအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ သင်ပုံမှန်လုပ်နေကျ နည်းတွေပါလာမလား စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်နော်။

၁။ Cleansing ကအရေးကြီးပါတယ်


Skin အမျိုးအစားအားလုံးအတွက် Cleansing အဆင့်ကအရေးကြီးပါတယ်။ ဝက်ခြံထွက်လွယ်တဲ့သူတွေအနေနဲ့ Scrub တွေနဲ့ချေးချွတ်တာထက် Chemical မပါဝင်တဲ့ Cleanser အပျော့တစ်မျိုးသုံးပြီး တစ်နေ့နှစ်ကြိမ် ပုံမှန်သန့်စင်ပေးတာမျိုး ပိုလုပ်ပေးဖို့လိုအပ်ပါတယ်။ Cleansing လုပ်တဲ့အခါ သုံးနေကျ Cleanser ကိုလက်သန့်သန့်နဲ့ မျက်နှာအနှံ့ခပ်ဖွဖွနှိပ်နယ်ပေးပြီး ရေနွေးနွေးလေးနဲ့ မျက်နှာပြန်သစ်ပေးတာမျိုး ပြုလုပ်ပေးရပါမယ်။

၂။ ပါဝင်ပစ္စည်းကိုသေချာကြည့်ပါ

Photo Source: Entrepreneur

Skincare ပစ္စည်းဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို ကိုယ့်အသားအရေနဲ့ တည့်မတည့်အရင်ဆုံး စမ်းသပ်ပေးဖို့လည်းမမေ့သင့်ပါဘူး။ ဥပမာအနေနဲ့ ဆဲလ်သေတွေဖယ်ရှားပြီး ချွေးပေါက်ပိတ်ခြင်း သက်သာစေတဲ့ Benzoyl Peroxide ၊ salicylic acid နဲ့ glycolic acid တို့လို အာနိသင်တွေပါဝင်တဲ့ ထုတ်ကုန်တွေကို သုံးပေးသင့်ပါတယ်။

၃။ Toner သုံးပါ


Toner က မျက်နှာသစ်ပြီးနောက်ကျန်နေတတ်တဲ့ အဆီနဲ့အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အဆီပြန်သမားတွေအနေနဲ့လည်း မေးစေ့နဲ့ T-Zone အပိုင်းတွေကိုအဓိကထားပြီး သဘာဝပစ္စည်းတွေပါဝင်တဲ့ Toner ခပ်ပျော့ပျော့တစ်မျိုးသုံးပေးသင့်ပါတယ်။

၄။ အဆီမပါတဲ့ Oil-Free Moisturizer သုံးပါ


အဆီပြန်အသားအရေအတွက် ရေဓာတ်နဲ့အစိုဓာတ်လုံလောက်အောင်မရတဲ့အခါမှာလည်း အရေပြား အဆီထုတ်လုပ်မှုပိုများပြီး ကမောက်ကမဖြစ်စေတတ်ပါတယ်။ ဒါကြောင့် Oily Skin သမားတွေအနေနဲ့ အဆီဓာတ်မပါတဲ့ Gel အမျိုးအစား ပေါ့ပေါ့ပါးပါး Moisturizer တွေကိုအသုံးပြုပေးပါ။

၅။ Mask ကပ်ပါ


အဆီပြန်သူတွေနဲ့သင့်တော်စေမယ့် ရွံ့စေး၊ Green Tea စတဲ့အာနိသင်တို့နဲ့ပြုလုပ်ထားတဲ့ မျက်နှာကပ် Mask တွကိုလည်း တစ်ပတ်တစ်ခါလောက် ပုံမှန်သုံးပေးဖို့မမေ့သင့်ပါဘူး။ ဒါက သင့်ချွေးပေါက်တွေကို ပွင့်စေပြီး မလိုအပ်တဲ့အဆီတွေကိုစုပ်ယူပေးနိုင်မှာပါ။

၆။ မိတ်ကပ်ခပ်ပါးပါးပဲလိမ်းပါ


ချွေးပေါက်ပိတ်ပြီး ဝက်ခြံခဏခဏထွက်တာကို ကာကွယ်နိုင်ဖို့ နေ့တိုင်းမိတ်ကပ်လိမ်းတာ၊ ခပ်ထူထူလိမ်းတာမျိုးတွေကို ရှောင်ပေးဖို့လိုပါတယ်။ ခပ်ပါးပါးလေးလိမ်းပြီး Skincare နဲ့အတူ အဆီပြန်ခြင်းထိန်းပေးနိုင်မယ့် Primer နည်းနည်းခံလိမ်းပေးပါ။

၇။ Sunscreen လိမ်းဖို့မမေ့ပါနဲ့


အသားအရေအမျိုးအစားတိုင်းအတွက် အမဲစက်နဲ့နေလောင်ကွက်တွေမဖြစ်စေဖို့ Sunscreen လိမ်းဖို့လိုပါတယ်။ သင်က အဆီပြန်တတ်သူဆိုရင်တော့ ချွေးပေါက်မပိတ်စေတဲ့ အဆီမပါတဲ့ Sunscreen မျိုးကိုအသုံးပြုပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar