ဘဝကိုအဓိပ္ပာယ်ရှိရှိဖြတ်သန်းချင်ပါသလား။ ဒါဆိုရင်တော့ သင့်ဘဝကိုစိတ်ဖိစီးစေမယ့်မကောင်းတဲ့ လွှမ်းမိုးမှုတွေကို လျစ်လျူရှုဖို့လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကအရာတိုင်းက ကိုယ့်အပေါ်တစ်နည်းမဟုတ် တစ်နည်းလွှမ်းမိုးမှုရှိနေတတ်ပေမယ့် ဘေးလူတွေရဲ့သက်ရောက်မှုက ကိုယ်တိုင်လက်ခံထားမှုအပေါ်ပဲ မူတည်တာကြောင့် အဆိုးမြင်စေမယ့်လွှမ်းမိုးမှုတွေကိုသတိပြုမိတာနဲ့ရှင်းထုတ်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်တကယ်လိုချင်တဲ့အရာတွေကို အာရုံစိုက်နိုင်ဖို့အတွက် ရှင်းထုတ်ပစ်သင့်တဲ့လွှမ်းမိုးမှုတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။

၁။ Online ပေါ်ကအငြင်းပွားမှုတွေ

Social Media တွေမှာ လူအမျိုးမျိုးရှိတတ်တာကြောင့် တကယ်တမ်းအပြင်မှာထက်ပိုပြီး အငြင်းပွားမှုတွေ ဖြစ်လွယ်ပါတယ်။ လူတော်တော်များများကကိုယ့်ရဲ့အမြင်ကိုအာရုံမစိုက်နိုင်သလို သင်ကိုယ်တိုင်ကလည်း လူတွေပြောသမျှကိုဂရုစိုက်ဖို့မလိုပါဘူး။ သဘောထားမတိုက်ဆိုင်တဲ့သူတွေ အဆိုးမြင်တတ်တဲ့လူတွေနဲ့ အငြင်းပွားတာက အချိန်ကုန်စေတဲ့အပြင် သင့်ရဲ့စိတ်ကိုမကောင်းတဲ့ Energy နဲ့ လွှမ်းမိုးမှုတွေ ရောက်လာနိုင်တာကို သတိထားသင့်ပါတယ်။

၂။ သူငယ်ချင်းအတုအယောင်တွေ

ပေါင်းသင်းဆက်ဆံရေးကလည်း ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ဘေးမှာရှိတဲ့ အပေါင်းအသင်းတွေက ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေအထိ လွှမ်းမိုးနိုင်ပါတယ်။ မိတ်ဆွေအတုအယောင်တွေက သင့်ကိုအချိန်ကုန်ပြီးစိတ်ပင်ပန်းစေတာကြောင့် ကိုယ့်ကိုအကူအညီလိုမှသတိရတတ်တဲ့သူတွေနဲ့ ကွယ်ရာမှာ မကောင်းပြောတတ်တဲ့သူတွေစတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အပေါင်းအသင်းတွေနဲ့အဆက်အသွယ်ဖြတ်ပါ။

၃။ ကိုယ့်ကိုကိုယ်ဝေဖန်တာ

တစ်ခါတစ်လေမှာ ကိုယ်တိုင်ကလည်း ကိုယ့်ဘဝမပျော်ရွှင်ရတဲ့အကြောင်းအရင်း ဖြစ်နေတတ်ပါတယ်။ ဖြစ်မလာတဲ့အရာတွေပေါ်မှာ ကိုယ့်ကိုကိုယ်အမြဲဝေဖန်အပြစ်တင်နေတတ်တာက ယုံကြည်မှုနည်းစေတဲ့အပြင် ဘဝအောင်မြင်မှုနဲ့ပါဝေးသွားစေပါတယ်။ ဒါကြောင့် ကိုယ်လုပ်နိုင်တဲ့အရာတွေကိုသေချာသိပြီး ကိုယ့်ကိုကိုယ် ယုံကြည်ဖို့နဲ့ အရှိအတိုင်းလက်ခံတတ်ဖို့အရေးကြီးပါတယ်။

၄။ ချုပ်ချယ်တတ်တဲ့မိဘတွေ

တစ်ချို့မိဘတွေက သူတို့ရဲ့သားသမီးတွေဟာ ဘဝအတွက်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ အရွယ်ရောက်နေပြီ ဆိုတဲ့အချက်ကို လက်မခံချင်ဘဲ လွှမ်းမိုးချုပ်ချယ်တတ်ကြပါတယ်။ တကယ်လို့သင်က ဒီလိုမျိုးအခြေအနေနဲ့ ကြုံတွေ့နေရရင်တော့ ကိုယ်ပိုင်ဘဝနဲ့အတွေးအခေါ်တွေရှိတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ကြောင်းကို မိဘတွေကို ရှင်းရှင်းလင်းလင်းပြောပြသင့်ပါတယ်။

၅။ ရည်းစားဟောင်းတွေ

နောက်ထပ်သင့်ရဲ့စိတ်ကိုမလွှမ်းမိုးသင့်တဲ့သူတွေကတော့ ရည်းစားဟောင်းတွေပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့လမ်းခွဲတာက သူငယ်ချင်းတွေအဖြစ်ဆက်နေနိုင်ပေမယ့် မျှော်လင့်ချက် ပေးတတ်တဲ့သူတွေ သင်တခြားတစ်ယောက်နဲ့တွဲတာကို လက်မခံနိုင်တဲ့ရည်းစားဟောင်းတွေကတော့ သင့်ကိုပိုပြီးစိတ်ရှုပ်ထွေးစေနိုင်တာကြောင့်ပြန်မဆက်သွယ်သင့်ပါဘူး။

၆။ အလုပ်ခွင်ကအနှောင့်အယှက်တွေ

လုပ်ငန်းခွင်မှာ ကိုယ်နဲ့သဘောထားမတိုက်ဆိုင်တဲ့သူတွေ အနိုင်ကျင့်တတ်တဲ့သူတွေနဲ့ပြောဆိုဆက်ဆံရတာက ခက်ခဲပြီးစိတ်ပင်ပန်းစေတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က ကိုယ့်ရဲ့ကျန်းမာရေး ဒါမှမဟုတ် မိသားစုဘ၀ စတာတွေမှာ မကောင်းတဲ့သက်ရောက်မှုတွေရှိလာရင်တော့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးစေတဲ့အရာတွေကိုဖယ်ထုတ်ဖို့လိုလာပြီဖြစ်ပါတယ်။

၇။ အခြားသူတွေရဲ့မျှော်လင့်ချက်တွေ

တစ်ခါတစ်လေမှာ အခြားသူတွေရဲ့ ကိုယ့်အပေါ်မျှော်လင့်ချက်တွေက ကိုယ့်အတွက်မကောင်းတဲ့ လွှမ်းမိုးမှုတွေ ဖြစ်နေတတ်ပါတယ်။ သင်က သူများတွေဖြစ်စေချင်တဲ့အတိုင်း အမြဲတမ်းဖြစ်နေဖို့ မလိုတာကိုသတိရပေးပါ။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲဖန်တီးနိုင်တာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ရဲ့အထင်အမြင်တွေနဲ့ စိတ်ထိခိုက်မခံဖို့ အရေးကြီးပါတယ်။

Photo Source: Pinterest

By MyStyle Myanmar