အားလုံးပဲ မင်္ဂလာပါ၊ သင်က လက်သည်းအရှည်ထားတဲ့သူပဲဖြစ်ဖြစ်၊ လက်သည်းအတိုထားတဲ့သူပဲ ဖြစ်ဖြစ်၊ လက်သည်းကျန်းမာရေးအတွက် ဂရုစိုက်ဖို့ လိုအပ်တယ်နော်။ လက်သည်းလေးတွေကို ကြည့်ခြင်းအားဖြင့် သင့်ရဲ့ ကျန်းမာရေးကောင်း မကောင်းဆိုတာကို ပြောပြနိုင်တာမို့လို့ပါ။

လက်သည်းလေးတွေက တောက်တောက်ပြောင်ပြောင်လေးဖြစ်မနေဘဲ အရောင်မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့ ကြည့်ကောင်းနေမှာမဟုတ်ဘဲ အလှအပကို ထိခိုက်စေမှာပါ။ ဒါ့ကြောင့် လက်သည်းလေးတွေ ကျန်းမာပြီး ကြည့်ကောင်းနေဖို့ ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ဗီတာမင် အီး လိမ်းပေးပါ

ဗီတာမင် အီးက ပျက်စီးပြီး ကြွတ်ဆတ်ဆတ်ဖြစ်နေတဲ့ လက်သည်းလေးတွေကို ပြန်လည်ပြုပြင်ပေးတာကြောင့် လက်သည်းခွံလေးတွေပေါ်ကို ဗီတာမင်အီးအဆီ လိမ်းပေးပါ။

အုန်းဆီ

အပူပေးထားတဲ့ အုန်းဆီနွေးနွေးလေးကို လက်သည်းနဲ့ လက်သည်းခွံဘေးနားတစ်ဝိုက်ကို လိမ်းကျံပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး လက်သည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာကို ရေနွေးနွေးလေးတစ်ဖန်ခွက်နဲ့ ရောပြီး လက်သည်းလေးကို စိမ်ထားပေးလိုက်ပါ။

သံပုယိုရည်

သံပုယိုသီးတစ်ခြမ်းကို အရည်ညစ်ပြီး ရေနွေးနွေးလေး တစ်ဖန်ခွက်နဲ့ ရောပြီး လက်သည်းလေးတွေကို ၅ မိနစ် ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။ လက်သည်းခွံလေးတွေ အရောင် စိုစိုပြေပြေနဲ့ တောက်ပလာပါလိမ့်မယ်။

သံလွင်ဆီ

အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေးကို လက်သည်းခွံပေါ် လိမ်းကျံပေးပြီး ၅ မိနစ် ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။ သံလွင်ဆီထဲမှာပါဝင်တဲ့ ဗီတာမင် အီးဓာတ်က ပျက်စီးသွားတဲ့ လက်သည်းတွေကို ပြန်လည်ပြုပြင်ပေးပြီး လက်သည်းအရှည်မြန်အောင် လှုံ့ဆော်ပေးပါတယ်။

ဂျိုဂျိုးပါးအဆီ

ဂျိုဂျိုးပါးအဆီထဲမှာ ဖက်တီးအက်စစ်၊ Antioxidants၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အတွက်ကြောင့် လက်သည်းလေးတွေကို ထူထဲစေပြီး ကျန်းမာသန်စွမ်းစေပါတယ်။ အပူပေးထားတဲ့ ဂျိုဂျိုးပါးအဆီ နွေးနွေးလေးကို လက်သည်းနဲ့ လက်သည်းတစ်ဝိုက်က အသားအရေကို လိမ်းကျံပေးပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။

ကြက်ဥအနှစ်နဲ့ ပျားရည်

ကြက်ဥအနှစ်တစ်လုံးကို ပျားရည်နွေးနွေးလေး စားပွဲတင်ဇွန်းတစ်ဝက်ခန့်နဲ့ ရောပြီး လက်သည်းနဲ့ လက်သည်းနားတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ကြာမှ ရေဆေးချလိုက်ပါ။

ဒီနည်းလမ်းတွေထဲက ကြိုက်နှစ်သက်ရာတစ်ခုခုကို ပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာလှပတဲ့ လက်သည်းလေးတွေပိုင်ဆိုင်နိုင်ပြီပေါ့။

Source: Brightside.me