လေ့ကျင့်ခန်း လုပ်ချင်ပေမယ့် ဘာကြောင့်လုပ်ရလဲ ရည်ရွယ်ချက် အတိအကျ မရှိရင် လုပ်ရင်း ပျင်းသွားနိုင်ပါတယ်။ ပျိုမေတိုင်း လိုလိုက ဘဝတိုးတက်ဖို့ ပညာရပ် အသစ်တွေ လေ့လာတာ၊ သင်တန်းတက်တာ စတာတွေကို လုပ်လေ့ရှိပါတယ်။ ဒီထဲ လေ့ကျင့်ခန်း လုပ်တာကိုပါ ထည့်သွင်းသင့်ပါတယ်။ ဘာကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်လဲ အကြောင်းပြချက်တွေ ရှိပါတယ်။ ဒါကို ကြည့်လိုက်ရအောင်နော်-

၁။ လေ့ကျင့်ခန်းက စိတ်ဖိစီးမှုကို လျော့စေတယ်

သင်က စိတ်ဖိစီးမှုတွေ ၊ စိတ်ညစ်စရာတွေ များနေရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်ပါတယ်။ တရားမထိုင်ချင်ရင်တောင် လေ့ကျင့်ခန်း လုပ်တဲ့အခါ အသက်ရှူတာ အာရုံစိုက်မိစေပြီး စိတ်ထွက်ပေါက် ရစေပါတယ်။ ဒါ့အပြင် ဒေါသတွေကိုလည်း လေ့ကျင့်ခန်းနဲ့ ဖြေဖျောက်နိုင်ပါတယ်။

၂။ သင့့်ယုံကြည်မှုကို တိုးစေတယ်

လေ့ကျင့်ခန်း လုပ်တဲ့အခါ အရင်ထက် ခန္ဓာကိုယ် မှာ အဆီပိုတွေ မရှိတော့ဘဲ ပိုနေရကောင်းလာစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှု ရှိလာပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်လာစေပါတယ်။

၃။ ပျော်ရွှင်မှု ဟော်မုန်းကို တိုးစေတယ်

လေ့ကျင့်ခန်းပုံမှန် လုပ်တဲ့အခါ ပျော်ရွှင်မှု ဟော်မုန်းဖြစ်တဲ့ Endorphin တိုးစေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ သင့်အကြောတွေကို ပြေလျော့စေပြီး ပိုပေါ့ပါးစေကာ ပိုပျော်ရွှင်စေပါတယ်။

၄။ သင့်ခန္ဓာကိုယ်ကို ပိုလှစေတယ်

သင်က လေ့ကျင့်ခန်းကို ပုံမှန် လုပ်မယ်ဆိုရင် ဗိုက်မှာ ကြွက်သားတွေ ပေါ်လာနိုင်ပါတယ်။ ဘာဝတ်ဝတ် လှနေမယ့်အပြင် ခန္ဓာကိုယ်လေး အမြဲ ချပ်ရပ်နေပါလိမ့်မယ်။

၅။ ကောင်းမွန်တဲ့ စိတ်အပြောင်းအလဲ တစ်ခု

သင်က အလုပ်မှာ အာရုံမစိုက်နိုင်ရင် လေ့ကျင့်ခန်းသာ လုပ်လိုက်ပါ။ ဒီလို ဆိုရင် စိတ်က ပျော်တဲ့ ဘက် ရောက်သွားကာ သင့်ကိုယ်သင် ပိုအာရုံစိုက်လာနိုင်ပါလိမ့်မယ်။

၆။ ကျန်းမာရေး ကောင်းကျိုးများစွာ ရှိတယ်

လေ့ကျင့်ခန်း လုပ်တာကြောင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးတွေကတော့- နှလုံးကျန်းမာရေးအတွက် ကောင်းတာ၊ မှတ်ဉာဏ် တိုးတက်လာတာ၊ ခွန်အားနဲ့ ခန္ဓာကိုယ် ပျော့ပြောင်းမှု တိုးတက်လာတာ စတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ညဘက် ပိုအိပ်ပျော်စေပါတယ်။

၇။ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေတယ်

သင့်မှာ တီထွင်နိုင်စွမ်း အိုင်ဒီယာတွေ ပျောက်ဆုံးနေရင် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လုပ်နေရင်း အိုင်ဒီယာအသစ်တွေ ထွက်လာကာ အရင်ထက် ပိုဆန်းသစ်လာပါလိမ့်မယ်။

သင့်အနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဖော်ပြပါ ရည်ရွယ်ချက်တွေက လုံလောက်ဖို့ မျှော်လင့်မိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar