တစ်ခါတစ်လေကျရင် ကိုယ့်သူငယ်ချင်းက ကိုယ့်ကို လျစ်လျူရှုထားတယ်လို့ ခံစားမိတာမျိုး ရှိကြမှာပါ။ အကြောင်းအရင်းကို သိတာမျိုးလည်းရှိသလို ဘာကြောင့် လျစ်လျူရှုထားမှန်း လုံးဝမသိတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သင့်သူငယ်ချင်းက သင့်ကိုလျစ်လျူရှုထားခြင်းရဲ့ ဖြစ်နိုင်ချေအများဆုံး အကြောင်းပြချက် ၇ ခုကို ပြောပြပေးလိုက်ပါတယ်။

လျစ်လျူရှုထားတယ်လို့သင်ထင်နေခြင်း

ပထမဆုံးအကြောင်းပြချက်ကတော့ သင့်သူငယ်ချင်းက သင့်ကို လျစ်လျူရှုထားတာ မဟုတ်ပါဘူး။ သူ့ဘာသာသူ စကားလာပြောနေကျကနေ တစ်ရက်လောက် မပြောဖြစ်တာမျိုးကို သင့်စိတ်က လျစ်လျူရှုထားတယ်လို့ ထင်နေတာပါ။ အမြဲပြောနေကျ၊ ဂရုစိုက်နေကျသူက သူလုပ်နေကျအတိုင်း မလုပ်ဖြစ်တာနဲ့ လျစ်လျူရှုထားပါတယ်လို့ ထင်တတ်ကြတာမျိုးလည်း ရှိပါတယ်။

သင့်သူငယ်ချင်းကအလုပ်များနေခြင်း

ကိုယ်ကတော့ သူငယ်ချင်းက ငါ့ကိုမခင်တော့ဘူး လျစ်လျူရှုထားတယ်လို့ ထင်နေပေမယ့် တစ်ဖက်မှာတော့ သင့်သူငယ်ချင်းက အလုပ်တွေအရမ်းများနေလို့ သင့်ကိုအဖတ်မလုပ်နိုင်တာမျိုး ဖြစ်နေပါလိမ့်မယ်။ အမြဲတမ်းအားနေပြီး ကိုယ့်ကိုတကူးတက စကားလာပြောတာမျိုးမရှိတဲ့နေ့လည်း ဖြစ်နိုင်တာပဲမို့ သေချာမသိပဲ ထင်ချင်ရာထင်ပြီး မခံစားပါနဲ့။

သင့်ကိုဝေမျှလို့မရတဲ့ပြဿနာတွေရှိနေခြင်း

သူငယ်ချင်းဆိုပေမယ့်လည်း ဘယ်လောက်ခင်ခင် တချို့သောအကြောင်းအရာတွေ ပြဿနာတွေက ကိုယ့်ကိုဝေမျှပြောပြလို့ မရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို သင့်ကိုဝေမျှပြောပြလို့မရတဲ့ ပြဿနာတွေနဲ့ သူကြုံတွေ့နေရတဲ့အခါ သူ့အပူနဲ့သူမို့ သင့်ကိုလျစ်လျူရှုထားသလို ဖြစ်တဲ့အချိန်တွေလည်း ရှိမှာပါပဲ။

သူငယ်ချင်းအသစ်တွေ့နေခြင်း

တချို့ကျတော့လည်း နောက်သူငယ်ချင်းအသစ်တွေတွေ့ပြီး သူတို့နဲ့ပိုပျော်လို့ သူတို့ကိုပိုခင်သွားလို့ သင့်ကို လျစ်လျူရှုထားသလို ဖြစ်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ အသစ်တွေနဲ့ပိုပျော်တဲ့အခါ မေ့နေတတ်တာ ဖြစ်တတ်ပါတယ်။

စိတ်ခုစရာတစ်ခုခုဖြစ်ထားခြင်း

သင်တို့နှစ်ယောက်ကြားမှာ စိတ်ခုစရာတစ်ခုခုဖြစ်ထားရင်၊ စကားများရန်ဖြစ်ထားတာ မဟုတ်ပေမယ့်လည်း သင်ပြောလိုက်တဲ့စကား၊ သင်လုပ်လိုက်တဲ့ အပြုအမူက သူ့အတွက်စိတ်ခုစရာဖြစ်သွားရင်၊ သူစိတ်ဆိုးသွားရင်လည်း သင့်ကိုမခေါ်မပြောတော့ပဲ ခဏတာလျစ်လျူရှုထားပါလိမ့်မယ်။

သင်ကအကူအညီတောင်းလွန်းတဲ့သူဖြစ်နေခြင်း

သူငယ်ချင်းအချင်းချင်း အကူအညီတောင်းတာ၊ တောင်းဆိုတာတွေက ရပေမယ့်လည်း လိုတာထက်ပိုလာရင်၊ အမြဲတမ်း တခြားသူအတွက်မစဉ်းစားပဲ ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး အကူအညီတွေတောင်းလွန်းရင်လည်း တစ်ဖက်လူက ကိုယ်နဲ့စကားပြောရမှာ၊ ပတ်သက်ရမှာကို ကြောက်လာပြီး ရှောင်ဖယ်နေတာမျိုး ဖြစ်တတ်ပါတယ်။

သင့်အပေါ်မနာလိုဖြစ်နေခြင်း

သင်က သူ့ထက်တစ်ခုခုသာသွားလို့၊ သင့်မှာကောင်းတဲ့ကိစ္စတစ်ခုခုရှိလို့ ရုတ်တရက်ကြီး သင့်ကိုမခေါ်မပြောတော့ပဲ လျစ်လျူရှုထားတယ်ဆိုရင်တော့ သေချာပါတယ် သင့်အပေါ်မနာလိုစိတ်ရှိနေလို့ ဟန်မဆောင်နိုင်တဲ့အခြေအနေမျိုး ဖြစ်သွားတာပါ။