လူတိုင်းမှာ မိဘတွေကသင်ပေးလိုက်တဲ့ဘဝသင်ခန်းစာတွေနဲ့ ကိုယ်တိုင်အတွေ့အကြုံတွေကတစ်ဆင့် သင်ယူရတဲ့ဘဝအကြောင်းတွေရှိသလို ကိုယ့်ရဲ့ အခင်မင်ဆုံးမိတ်ဆွေသူငယ်ချင်းတွေဆီကသာ ရရှိနိုင်တဲ့ ဘဝသင်ခန်းစာတွေလည်းရှိပါတယ်။ အကူအညီလိုချိန်တိုင်းဘေးမှာရှိပေးမယ့် မိတ်ဆွေစစ်တွေဆိုတာကလည်း ရှာရခက်တာမို့ သင့်ဆီမှာ သူငယ်ချင်းကောင်းတွေရှိနေတာက သင့်အတွက်ကံကောင်းမှုတစ်ခုပါပဲ။

သူငယ်ချင်းတွေဆိုတာအချင်းချင်းကူညီသင်ပြပေးပြီး ကြီးပျင်းရင့်ကျက်လာတတ်ကြသူတွေပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ သင့်မှာရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေကတစ်ဆင့်ရရှိနိုင်တဲ့ ဘဝအတွက်အရေးကြီးတဲ့ သင်ခန်းစာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင်ဘယ်တော့မှတစ်ယောက်ထဲအထီးကျန်မနေဘူးဆိုတာကို သင်ပြပေးတယ်

သူငယ်ချင်းကောင်းတွေက လောကကြီးမှာ သင်ဟာဘယ်တော့မှ တစ်ယောက်ထဲဖြစ်မနေဘူးဆိုတာကို သင်ပြပေးနိုင်ပါတယ်။ သူတို့နဲ့အတူ ပျော်စရာအချိန်တွေကိုလည်းဖန်တီးနိုင်တဲ့အပြင် စိတ်ညစ်စရာတွေ ရှိလာတဲ့အခါမှာလည်း ဘေးကနေအမြဲ အေးအတူပူအမျှ အားပေးနှစ်သိမ့်ပေးနိုင်တာကြောင့် သင့်အနေနဲ့ ဘယ်တော့မှ အထီးကျန်နေသလိုမခံစားရတော့ပါဘူး။

၂။ သင့်ကို ပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်အောင် သင်ပြပေးနိုင်တယ်

သင့်ကိုနဂိုထက်ပိုတော်တဲ့သူတစ်ယောက်ဖြစ်လာအောင် သင်ပြပံ့ပိုးပေးနိုင်တာကလည်း သူငယ်ချင်းကောင်းတွေပါပဲ။ အတူတူကြီးပြင်းလာတဲ့သူငယ်ချင်းတွေဟာ လိုချင်တဲ့ပန်းတိုင်တွေဆီ ရောက်ရှိစေဖို့နဲ့ အိပ်မက်တွေတကယ်ဖြစ်လာစေဖို့အတွက် အချင်းချင်းဖေးမအားပေးတတ်ကြပါတယ်။

၃။ သင့်ကို အချို့သောလျိူ့ဝှက်ချက်တွေမျှဝေတတ်အောင် သင်ပြပေးတယ်

လူတိုင်းမှာအကြောင့်အမျိုးမျိုးကြောင့် လူရှေ့ထုတ်မပြနိုင်တဲ့လျို့ဝှက်ချက်ကိုယ်စီရှိတတ်ကြပါတယ်။ ဒီလိုလျို့ဝှက်ချက်တွေကို သူငယ်ချင်းကောင်းတွေက သင်နဲ့အတူမျှဝေသိမ်းဆည်းပေးနိုင်ပါတယ်။ ယုံကြည်ရတဲ့သူငယ်ချင်းတွေကို သင့်လျို့ဝှက်ချက်တွေအကြောင်းမျှဝေလိုက်တာက မချင့်မရဲဖြစ်နေတဲ့သင့်ရဲ့ စိတ်ကိုလည်း သက်သာရာရစေပါလိမ့်မယ်။

၄။ သင့်ရဲ့အမှားအတွက် တောင်းပန်တတ်အောင် သင်ပြပေးတယ်

အချစ်ဆုံးသူငယ်ချင်းတွေက ရန်ဖြစ်လိုက်ပြန်တည့်လိုက်ဖြစ်ကြတာများပါတယ်။ ဒါကလည်း အချင်းချင်း အရင်ထက်ပို သက်တောင့်သက်သာဖြစ်စေပြီး ရင်းနှီးစေတဲ့အရာတစ်ခုပါပဲ။ သူငယ်ချင်းတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့အချိန် ဒါမှမဟုတ် သင်ကအမှားလုပ်မိတဲ့အချိန်မျိုးမှာ တောင်းပန်လိုက်ခြင်းက အရာရာကို စိတ်ရင်းနဲ့ပြုလုပ်တဲ့အခါ ရလာတဲ့အကျိုးကျေးဇူးတွေကိုလည်း သိရှိနိုင်ပါတယ်။

၅။ သင့်ကိုအရေအတွက်ထက် အရည်အသွေးကပိုအရေးပါကြောင်းကို သင်ပြပေးတယ်

သင့်အနေနဲ့ လိုအပ်ချိန်တိုင်း ဘေးမှာရှိနေမယ့် စစ်မှန်တဲ့သူငယ်ချင်းကောင်း အနည်းငယ်သာရှိခြင်းကလည်း သင့်ကိုအကျိုးလိုလို့ ပေါင်းသင်းကြတဲ့ မိတ်ဆွေတုများစွာရှိနေခြင်းထက် ပိုအရေးပါတာကို သတိထားမိစေပါလိမ့်မယ်။

၆။ လူတစ်ယောက်ကို အမှန်တကယ်ယုံကြည်တတ်လာအောင်သင်ပြပေးတယ်

အခုခေတ်က လူတစ်ယောက်ကို ယုံကြည်ဖို့ခက်ခဲပေမယ့် မိတ်ဆွေစစ်တွေကတော့ လောကကြီးမှာ ကိုယ်ယုံကြည်လို့ရတဲ့လူတွေရှိနေသေးကြောင်း ပြသနိုင်တဲ့သက်သေကောင်းတွေပါပဲ။ သူတို့က သင့်ခံစားချက်ကိုအလေးထားတဲ့သူတွေဖြစ်တာမို့ သင့်ရဲ့ယုံကြည်မှုကိုလည်း အလွဲသုံးစားလုပ်မှာမဟုတ်ပါဘူး။

၇။ သင့်ရဲ့အရှိအတိုင်းနေတတ်တဲ့ပုံစံကလည်း ပြည့်စုံနေပြီကြောင်းကို သင်ပြပေးတယ်

သင့်အချစ်ဆုံးသူငယ်ချင်းတွေက သင့်ကိုအရှိကိုအရှိအတိုင်း လက်ခံနိုင်တဲ့သူတွေဖြစ်ပြီး သင့်ရဲ့အားနည်းချက်တွေအပေါ်မှာ ဘယ်တော့မှ ဖိအားပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် သူတို့နဲ့ရှိနေတဲ့အချိန်မှာ ပြောင်းလဲစရာမလိုဘဲ သင့်ပုံစံအတိုင်း သက်တောင့်သက်သာနေလို့ရပါတယ်။

Photo Source: Pinterest

By MyStyle Myanmar