သဘာဝအတိုင်း နက်မှောင်ပြီး အုံထူတဲ့ဆံနွယ်ရှည်ရှည်တွေနဲ့ပက်သက်လာရင် အိန္ဒိယအမျိုးသမီးတွေကို မေ့ထားလို့မရပါဘူး။ အိန္ဒိယသူအများစုဟာ ဆံသားသန်စွမ်းဖို့ ပုံမှန်ဂရုစိုက်ထိန်းသိမ်းမှုတွေ ပြုလုပ်တတ်ကြပြီး သူတို့လုပ်လေ့ရှိတဲ့ ထိန်းသိမ်းနည်းတွေက အချိန်ကုန်၊ ငွေကုန်သက်သာသလို ရိုးရှင်းထိရောက်တဲ့ သဘာဝနည်းတွေလို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆံပင်အရှည်မြန်ပြီး ဆံနွယ်ထူထူလေးတွေ ရချင်သူတို့အတွက် အိန္ဒိယသူတွေဆီကအတုယူနိုင်မယ့် ဆံသားထိန်းသိမ်းနည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ သင်လုပ်နေကျနည်းတွေပါလာမလား စိတ်ဝင်စားရင်ဆက်ကြည့်လိုက်ရအောင်-

၁။ ဆံသားအတွက် Green Tea သုံးတယ်


Green Tea က ဆံပင်ကျွတ်သက်သာပြီး ဆံသားအရှည်မြန်စေဖို့ လှုံ့ဆော်ပေးနိုင်တာကြောင့် အိန္ဒိယသူတွေဟာ ဆံသားအတွက် Green Tea ကိုသုံးတတ်ကြပါတယ်။ သင့်အနေနဲ့လည်း သဘာဝအတိုင်း ဆံပင်သန်ဖို့ ဦးရေပြားနဲ့ဆံသားကို Green Tea အရည်လိမ်းပြီး ပေါင်းတင်တာ၊ Green Tea Oil လိမ်းတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

၂။ ခေါင်းလျှော်ပြီးနောက် ရေအေးနဲ့ဆေးချလေ့ရှိတယ်


ရေအပူနဲ့ထိတွေ့တာက ဆံသားရဲ့သဘာဝအဆီဓာတ်တွေကို လျော့ပါးစေပါတယ်။ ဒါကြောင့် အိန္ဒိယ Hairstylist တွေကိုယ်တိုင်က ခေါင်းလျှော်တဲ့အဆင့်မှာသာ တစ်ခါတစ်ရံ ရေခပ်နွေးနွေးသုံးတာမျိုး ပြုလုပ်သင့်ပြီး ပေါင်းဆေးသုံးပြီးတဲ့အခါမှာ အစိုဓာတ်မပျောက်စေဖို့ ရေအေးအေးနဲ့ဆေးပေးဖို့ လိုတယ်လို့ အကြံပြုထားကြပါတယ်။

၃။ နေ့တိုင်းနီးပါး ဦးရေပြားကိုလေးမိနစ်ခန့် နှိပ်နယ်ပေးတယ်


Essential Oil တစ်မျိုးနဲ့ ဦးရေပြားနေရာတွေကို နှိပ်နယ်ပေးတာကလည်း ဆံပင်သန်ပြီးအရှည်မြန်ဖို့ အရမ်းအထောက်အကူဖြစ်ပါတယ်။ တစ်နေ့လေးမိနစ်ခန့် ပုံမှန်ဦးရေပြားကိုနှိပ်နယ်ပေးရုံနဲ့ တစ်နှစ်၊ နှစ်နှစ်အကြာမှာ သိသိသာသာဆံသားသန်စွမ်းလာတာကိုတွေ့ရမှာပါ။

၄။ ဦးရေပြား Massage လုပ်ပြီးနောက် ချက်ချင်းခေါင်းလျှော်တာကိုရှောင်တယ်


ကျွမ်းကျင်သူတွေက ခေါင်းမလျှော်ခင် ဦးရေပြားကို Massage လုပ်နှိပ်နယ်လေ့ရှိသူတွေအနေနဲ့ နှိပ်နယ်ပြီးနောက် ချက်ချင်းခေါင်းလျှော်ချလိုက်တာထက် ခေါင်းမလျှော်ခင် မိနစ် ၂၀ ခန့် အနားပေးသင့်တယ်လို့ အကြံပေးထားကြပါတယ်။

၅။ ဆံသားပြုပြင်မှုလုပ်ပြီးတိုင်း စက်အပူနဲ့ထိတွေ့ခြင်းကိုရှောင်တယ်


နောက်ထပ် အိန္ဒိယသူတွေအကြံပြုထားတာကတော့ ဆံသားပေါင်းတင်တာနဲ့ အခြား Treatment တွေ ပြုလုပ်ပြီးနောက် စက်အပူတွေနဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ဘဲ သဘာဝအတိုင်းဆံသား အခြောက်ခံပေးဖို့ပဲဖြစ်ပါတယ်။

၆။ ကိုယ့်ဦးရေပြားနဲ့အဆင်ပြေတဲ့ အိမ်တွင်းပစ္စည်းတွေသုံးတယ်


သင့်အနေနဲ့ ကိုယ့်ဦးရေပြားပြဿနာအတွက် ထိထိရောက်ရောက်သက်သာစေမယ့် သဘာဝပစ္စည်းတွေ သုံးပေးဖို့လည်းမမေ့သင့်ပါဘူး။ ဥပမာ ဦးရေပြားခြောက်သွေ့ယားယံတတ်သူတွေအနေနဲ့ Aloe Gel ၊ အဆီပြန်တတ်တဲ့ဦးရေပြားပိုင်ရှင်တွေအနေနဲ့ သံပယိုရည်၊ နီမြန်းတတ်တဲ့ဦးရေပြားရှိသူတွေအနေနဲ့ နှင်းဆီရည်၊ Clay နဲ့ စန္ဒကူးနံ့သာအမှုန့်စတဲ့ သဘာဝအိမ်တွင်းပစ္စည်းတွေသုံးပြီး ပေါင်းတင်တာ၊ ပုံမှန်လိမ်းတာမျိုး ပြုလုပ်ပေးပါ။

Source: brightside.me